ပူတာအိုရှိရေခဲတောင်များတွင် တောင်တက်ခရီးသည်များ၏ စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များကြောင့် တောင်တက်လမ်းတစ်လျောက်တွင် ပလတ်စတစ်အမှိုက်များ တစ်စတစ်စများပြားလာနေကြောင်း သိရသည်။
ခရီးသည်များ စားသောက်ထားသော စားကြွင်းစားကျန်များ၊ ပလတ်စတစ်နှင့် မိုးကာအစုပ်များကို တောင်တက်ရာလမ်းတစ်လျောက်ရှိ ကြားစခန်းများတွင် စည်းကမ်းမဲ့စွန့်ပစ်မှု တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာသည်ဟု ရေခဲတောင်လမ်းပြလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“မိုးကာစတွေ၊ ပလတ်စတစ်အမှိုက်တွေနဲ့ ခရီးသည်တွေစားသောက်ပြီးအကျန်တွေကို အဲ့တိုင်းပဲထားခဲ့တာ၊ လမ်းမှာတွေလည်း ပစ္စည်းတွေထည့်လာတဲ့အိတ်တွေနဲ့ ကျောပိုးအိတ်တွေပျက်သွားရင် အဲ့အတိုင်းပဲ ပစ်ထားကြတာ။ တချို့တွေက အမှိုက်တွေစုပြီးမီးရှို့တဲ့ အဖွဲ့တွေလည်းရှိပါတယ်” ဟုပြောသည်။
စွန့်ပစ်အမှိုက်များကို စုကာမီးရှို့ခြင်းများရှိသော်လည်း ယခုကဲ့သို့စည်းကမ်းမဲ့စွန့်ပစ်မှု ပိုမိုများပြားလာပါက သဘာဝပတ်ဝန်းကျင်ထိခိုက်မည်ကို စိုးရိမ်နေပြီး ရေခဲတောင်နှင့်အနီးဆုံးရှိ ဇီယာဒမ်းကျေးရွာမှ စတင်ကာ တောင်တက်လမ်းတစ်လျောက်တွင် အမှိုက်ပုံးများ ထားရှိနိုင်ပါက ပိုမိုကောင်းမွန်မည်ဟုယူဆကြောင်း သူကဆက်ပြောသည်။
ကြားစခန်းများတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသောအမှိုက်များကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကြောင်း မတ်လတွင်ရေခဲတောင် အပျော်ခရီးထွက်ခဲ့သူ ပူတာအိုမြို့ မြို့မရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။
“ရေခဲတောင်မှာ အများဆုံးအမှိုက်က ပလတ်စတစ်ဟုတ်တယ် ရယ်ဒီမိတ်တွေကို အဆာပြေ စားတာတွေရှိသလို ချက်ပြုတ်ပြီး စာတဲ့သူတွေလည်းရှိတော့ စွန့်ပစ်အမှိုက်က ပိုများတယ်။ အဲ့လိုအမှိုက်တွေတွေ့တော့ စိတ်ပျော်ဘူး၊ လန်းဆန်မှုလည်းမရှိဘူး၊ ရှေ့ကလူတွေအမှိုက်မရှင်းထားဘူးဆိုရင် နောက်ကလာတဲ့လူတွေ ပြန်ရှင်းနေရတာ အလုပ်ပိုများတယ်” ဟုပြောသည်။
စည်းကမ်းမဲ့ စွန့်ပစ်ထားသော အမှိုက်များကို ခရီးသည်များအနေဖြင့် စနစ်တကျသိမ်းဆည်းသွားရန် လိုအပ်ပြီး အထမ်းသမားများက လိုက်လံသိမ်းဆည်းပေရန်အဆင်မပြေမှုများစွာရှိကြောင်း သူကဆက်ပြောသည်။
“တောင်တက်လမ်းမှာရှိတဲ့ ကြားစခန်းမှာတွေ အများသုံးရေလုံပုံး သုံးပုံးလောက်ထားပေးရင်တော့ ပိုအဆင်ပြေမယ်ထင်တယ်။ အထမ်းသမားတွေလည်း ခရီးသည်တွေရဲ့ ပစ္စည်းတွေ၊ ရိက္ခာတွေသာမက ကိုယ့်အိပ်ယာလည်းထမ်းရတယ်။ ရေခက်ဖို့သုံးထားတဲ့ ပလတ်စတစ်အမှိုက်တွေ တောင်အောက်ထိ ပြန်ယူသွားဖို့က မဖြစ်နိုင်လောက်ဘူး” ဟုပြောသည်။
ရေခဲတောင်တက်သူများအနေဖြင့် စွန့်ပစ်ပစ္စည်း နည်းနိုင်သောအသုံးအဆောင်များကိုသာ ပိုမိုအသုံးပြုသင့်ပြီး အသုံးပြုပြီးသော အမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်ကာ အသိစိတ်ရှိစွာ ပြန်လည်ရှင်းလင်းသွားသင့်ကြောင်း တောင်တက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ကြားစခန်းများတွင်လည်း အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားရှိခြင်းနှင့် တားမြစ်စာများ ကပ်ထားရန် တိုက်တွန်းကြောင်း လမ်းပြလုပ်ငန်းလုပ်ကိုင်သူအမျိုးသားကဆက်ပြောသည်။
“အမှိုက်တွေအဲ့လိုမပစ်အောင် လမ်းမှာတွေအမှိုက်ပုံးတွေထားပေးပြီး အမှိုက်မပစ်ရဆိုတဲ့ တားမြစ်စာတွေ ကပ်ထားရင်တော့ ပိုကောင်းမယ်ထင်တယ်။ အိမ်သာတွေလည်းမရှိဘူး အခုထိအဆင်ပြေသလိုပဲ သွားကြတာ” ဟုပြောသည်။
အဆိုပါရေခဲတောင်တက်ရာလမ်းရှိ ကြားစခန်းများတွင် ရေကန်များ၊ အိမ်သာများဆောက်လုပ်ရန်နှင့် လမ်းတွင်အမှိုက်ပုံးများထားရှိရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ခရီးသွားလုပ်ငန်းရှင်များပူးပေါင်းကာ ဆောက်လုပ်သွားရန်စီစဉ်နေကြောင်း တောင်တက်လုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။
ခရီးသည်များ အများဆုံးတက်သော ဖုန်ကန်ရာဇီရဲခဲတောင်သည် အမြင့်ပေ ၁၁၉၂၀ ခန့်ရှိကာ နှစ်စဉ်နိုင်ငံခြားသား ခရီးသွားများအပါအဝင် လူဦးရေ ရှစ်ရာခန့် လာရောက်လည်ပတ်သော နေရာဖြစ်ပြီး အမှိုက်မှာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ကာ ခရီးသွားများ လာရောက်လည်ပတ်မှု အလွန်နည်းပါးခဲ့ပြီး ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ခရီးသွားပြည်သူ လေးရာခန့် လာရောက်လည်ပတ်ခဲ့ကြောင်း ပူတာအိုမြို့တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကပြောသည်။
ဒေသခံပြည်သူများတွင် ရေခဲတောင်လမ်းပြလုပ်ငန်း၊ အထမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ များစွာရှိပြီး ရေခဲတောင်တက်မည့် ခရီးသွားတစ်ဦးလျှင် ငွေကျပ်ခုနှစ်သိန်းမှ ကျပ်ဆယ့်တစ်သိန်းအထိ ကုန်ကျကြောင်း သိရသည်။
စက်တင်ဘာလမှ ဧပြီလအတွင်းမှာ တောင်တက်ရန် အကောင်းဆုံးကာလဖြစ်ပြီး လမ်းအကွာအဝေးမှာ ၅၃ မိုင်ခန့် ရှည်လျားပြီး ခရီးကြာချိန်မှာ တစ်ပါတ်မှ ဆယ်ရက်ခန့်အထိကြာမြင့်သည်။
သတင်း – Dureng
ပုံ – ပေးပို့