စစ်ကောင်စီတပ်က အရာတော်မြို့နယ် မကျီးစောက်ကျေးရွာကို ယနေ့ နံနက် ၅ နာရီခန့်က လက်နက်ကြီးပစ်ခတ်ကာ တတိယအကြိမ်ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်သိရပါတယ်။

အရပ်ဝတ်များဖြင့် အင်အား ၃၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက ဓာတ်ဆီများအသုံးပြုကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နွားများကိုလည်း ပစ်သတ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ဝတ်စုံနဲ့မဟုတ်ဘူး အပေါ်အောက်အနက်ရောင်တွေဝတ်ထားပြီးဝင်တာ။ ရွာမှာရှိတဲ့ နွားတွေကိုလည်း ပစ်သွားတယ်။ သူတို့ဝင်တော့ ရွာကလူတွေကြောက်ပြီးပုန်းနေတဲ့ ခြုံတွေကိုလည်း ရမ်းသမ်းပြီးပစ်တာပဲ။ စစ်ရှောင်တွေကိုလည်းပစ်တာပဲ။ ကျွန်တော်တို့ရွာက စံပြရွာလိုမျိုးပေါ့နော် ရွာကကြီးတယ်” ဟုပြောသည်။

မကျီးစောက်ကျေးရွာကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ချိန်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သုံးကြိမ်တွင် စုစုပေါင်း အိမ်ခြေ ၂၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် မကျီးစောက်ကျေးရွာ‌ ဒေသခံအမျိုးသား တစ်ဦးနှင့် စစ်ရှောင်နေသည့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“အစောပိုင်းရောက်လာတော့ လက်နက်ကြီးတစ်ယောက်ထိတယ်။ သူကတော့ ရပ်ကျေးပကဖ အဲ့လိုပေါ့။ စစ်ရှောင်နေတဲ့ဘက်ကိုရော လက်နက်ကြီးပစ်လို့ တစ်ယောက်က ဒူးခေါင်းမှာထိတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကျီးစောက်ကျေးရွာရှိ ဒုတိယအကြိမ် နေအိမ်စုစုပေါင်း ၉၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးကို သေနတ်ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မကျီးစောက်ကျေးရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေစုစုပေါင်း သုံးထောင်ခန့် နေထိုင်ပြီး အနီးတွင် ဒေသအခေါ် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာဟု ခေါ်ဆိုကြသည့် ငွေတွင်းကျေးရွာနှင့် သလဲဘာကျေးရွာတည်ရှိသည်။

သတင်း – Madi

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ