နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ချိန် ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောကြောင့် ကချင်လူမျိုးပရဟိတဆရာဝန်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာမြို့မှ မန္တလေးနှင့် မြင်းခြံအကျဉ်းထောင်များသို့ ယမန်နေ့ညနေ ၆ နာရီခန့်က ပြောင်းရွှေ့ချိန် မိုင်းခွဲခံရသဖြင့် ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့သည်ဟု ဆက်သွယ်အသိပေးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မုံရွာကအကျဉ်းသားတွေကို ထောင်ရွှေ့တဲ့အချိန်မှာ ကားမိုင်းကွဲမှုဖြစ်တာကြောင့် ထောင်သားနှစ်ယောက် ထိခိုက်သေဆုံးခဲ့တယ်။ ဒေါက်တာဇော်ထွယ်အောင်လည်း သေတဲ့ထဲပါတယ်” ဟုပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့နံနက် ၉ နာရီခန့်က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းနှင့် ပြာအိုးသာ ယူခွင့်ရရှိခဲ့ကြောင်း သူကပြောသည်။

ဒေါက်တာဇော်ထွယ်အောင်သည် မုံရွာမြို့ရှိတွင် မနောဥယျာဉ် ကချင်ရိုးရာစားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ပရဟိတဆရာဝန်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့က နေအိမ်မှ လာရောက်ဖမ်းဆီးသွားကာ ပုဒ်မ ၅၀ (ည)၊ ၅၀၅ (က) တို့ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

ကားမိုင်းဆွဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မုံရွာမြို့ သတင်းမှန်ပြန်ကြားရေး – ပကဖ ကို ဆက်သွယ်မေးမြန်းခဲ့ရာ မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် အချုပ်ကားယာဉ်မောင်းဖြစ်သူလည်း သေဆုံးခဲ့သည်ဟု သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးထောင်ချခံထားရသော အကျဉ်းသားများကို ယခုရက်ပိုင်းတွင် ထောင်ပြောင်းရွှေ့မှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့အထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း နှစ်သောင်းလေးထောင်ကျော်ရှိပြီး နှစ်သောင်းခန့်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

သတင်း – HN

သင့်ထင်မြင်ချက်ရေးပေးပါ