မြစ်ကြီးနားမြို့နယ် နောင်နန်းအုပ်စုတွင် ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာဖေးမဂေဟာတွင် နာတာရှည်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

လေဖြတ်ရောဂါနှင့် ဝက်ရူးပြန်ရောဂါခံစားနေရသူများရှိပြီး အပါတ်စဉ်ဆေးရုံသွားနေရသောကြောင့် အခက်အခဲများရှိနေခြင်းဖြစ်ကြောင်း ဘိုးဘွားရိပ်သာတာဝန်ခံ ဆရာလရှီးခွန်းဂမ်က The 74 Media ကိုပြောသည်။

“ကချင်ပြည်နယ်မှာ နေရာပေါင်းစုံက တကယ်အခက်အခဲရှိပြီး အားကိုရမဲ့သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်ဖြစ်လာတာဟုတ်တယ်။ တချို့ကအိမ်ကမောင်းထုတ်လိုက်တာလည်းပါတယ်။ အခုဒီမှာက ဝက်ရူးပြန်ရောဂါရသူနဲ့ လေဖြတ်ရောဂါရှိသူပြီးရင် သူ့ကိုယ်သူမပြောတတ်ဘဲ ဝမ်းသွားနေတဲ့ တစ်ယောက်ရယ် သူတို့ကဆေးရုံကို ပုံမှန်သွားပြရမှာဟုတ်တယ်” ဟုပြောသည်။

ဆယ်မိုင်ကျေးရွာ ဂျောဘွမ်သွားလမ်းအနီးတွင် ဘိုးဘွားရိပ်သာဖေးမဂေဟာ (Sakkung Lakawn Lanawn Pawnba Ginra) ကို ပြီးခဲ့သည့် မေလကစတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဘိုးဘွား ၁၄ ဦးခန့်ရှိကာ ကြည့်ရှု့စောင့်ရှောက်သူ ၉ ဦးရှိကြောင်း သိရသည်။

ဘိုးဘွားရိပ်သာတွင် အသက်အကြီးဆုံးမှာ ၉၀ နှစ်ဖြစ်ပြီး ခွန်အားဖြစ်စေသော အစားအစာများနှင့် စောင်များလိုအပ်နေကြောင်း သိရသည်။

“မိုးရာသီလည်းမကုန်သေးဘူး မကြာခင်ဆောင်းရာသီလည်းရောက်တော့မယ် အဘိုးအဘွားတွေအတွက် စောင်နှင့် အနွေးထည်တွေလိုအပ်နေတယ်။ ဆေးခန်သွားပြရမယ့်သူလည်းရှိနေတော့ သူတို့ကို ပွေ့ချီပြီးလုပ်ရတယ်။ အားလုံးက အသက်ကြီးသူတွေဆိုတော့ အစစအရာရာ ဂရုစိုက်ပေးရတယ်” ဟုပြောသည်။

 

သားသမီး ဆွေမျိုးမရှိသူများနှင့် မိသားစုဝင်များက စွန့်ပစ်ထားသည့် သက်ကြီးရွယ်အိုများ အများဆုံးနေထိုင်ပြီး ဘိုဘွားရိပ်သာအတွက် ကူညီလိုသူများအနေဖြင့် ၀၉၇၇၀၇၅၆၇၂၃ မှ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ခြောက်သောင်းခြောက်ထောင်ခန့်ရှိသည်။

သတင်း – Doi Awng

ဓါတ်ပုံ – Myitkyina Agape

သင့်ထင်မြင်ချက်ရေးပေးပါ