ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ နံနက် ၁ နာရီခွဲခန့်က ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ကလည်း အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၂၁) သို့ ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာသောကြောင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ထိခိုက်ဒဏ်ရာတော့ရှိမှာပဲ၊ ဆေးခန်းတွေကိုလိုက်မေးရသိနိုင်တယ်။ မနေ့ည ၁၀ နာရီလောက်မှာလည်းစစ်ကား ၆ စီးဝင်ပြီလေအဲ့စခန်းမှာ၊ သူတို့အားလုံးစုနေတဲ့အချိန်မှာဒရုန်းနဲ့ချပေးတာ။ အားလုံးအောင်တယ်လို့ပြောတယ်” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်သွားလမ်းပေါ်ရှိ အဆိုပါစစ်ကောင်စီစခန်းက ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးဖြင့် အကြိမ်ရေများစွာရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“၃၂၁ စခန်းကိုဒရုန်းနဲ့လာပစ်တာ။ စစ်တပ်ကပစ်တာ တော်တော်လေးကြားရတယ်။ ပစ်တာအရမ်းကြာလို့ ကျွန်တော်တောင်အိပ်သွားပြီ။ ဟိုဘက်ကလည်း ပစ်ဒီဘက်ကလည်း ပစ်ဆိုတော့ကြာတော့ကြာတယ်။ အသံကြားနေရတာ” ဟုပြောသည်။

ယမန်နေ့ညကရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်းနှစ်ခုတွင် လက်နက်ကြီး ကျရောက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း အခြားဒေသခံတစ်ဦးကဆက်ပြောသည်။

“ရွာထိပ်ဘက်နှစ်ခုလာကျတယ် လက်နက်ကြီးလားတော့ မသိဘူး ပန်ကာပါတယ်တဲ့။ အိမ်ခြံဝင်ထဲကျတာ မကွဲတဲ့အိမ်ထဲမှာတော့ လူမရှိဘူး ခြံဘက်သွားလိုက်ကြလို့။ လူထိတာတော့ မရှိဘူး။ လက်နက်ကြီးပြန်ပစ်တာ ဘယ်ဘက်ကိုပစ်တာလဲတောင်မသိဘူး။ အကြိမ်ရေ အရေမတွက်နိုင်အောင်ပဲ” ဟုပြောသည်။

ယနေ့နံနက်ပိုင်းကလည်း ခြံသွားမည့်သူများကို စခန်းရှေ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း မြစ်ကြီးနား – ဗန်းမော်ကားလမ်းရှိ စစ်ကောင်စီဗျူဟာ ကန်ဒေါင်ယန်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရင်းမှူးသေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Pan soon, Doi Awng

ဓါတ်ပုံ – Myanmar Defence Weapons

သင့်ထင်မြင်ချက်ရေးပေးပါ