တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ညမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ၁၀ နာရီခန့်က အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေရဲ့စခန်းတွေအကုန်တိုက်ပြီး သိမ်းလိုက်တာဗျာ။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ တိုက်ပွဲအတွင်းမှာတော့ ရှိတယ်။ အခုသိမ်းပြီးတဲ့ နောက်ပိုင်းတော့ မရှိတော့ဘူး” ဟုပြောသည်။

တိုက်ပွဲအတွင်း အမှတ်(၁)‌စစ်ဒေသ ကွပ်ကဲမှုဖြင့် တမူးခရိုင်တပ်ရင်း (တပ်ရင်း – ၁၊ တပ်ရင်း – ၂)နှင့် ကူကီးအမျိုးသားတပ်(KNA)တို့ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးကာ ကျန်တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ် (SNA)နှင့် ကသည်းတပ်ဖွဲ့ဝင်များ ပူးပေါင်းအထိုင်ချထားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း တစ်ကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသော စခန်းများကို စစ်ကောင်စီတပ်က လေကြောင်းသုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လက်လွတ်ခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အရင်ကလည်း တစ်ခါသိမ်းလိုက်တဲ့စခန်းဟုတ်တယ်။ အဲ့အချိန် စကစ(စစ်ကောင်စီ)တွေ လေကြောင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ လက်လွတ်လိုက်ရတာ အဓိကတော့ နောက်ကနေဖောက်ခံရတာပေါ့။ အဲ့ကျေးရွာကို သူတို့တွေပြန်သိမ်းပြီးတော့ အကုန်ပူးပေါင်းထိုင်ထားတာဗျာ။ အင်အားကတော့ တော်တော်များတယ် သူတို့တပ်ပေါင်းစုပေါ့” ဟုပြောသည်။

တိုက်ပွဲကြောင့် အောင်ဇေယျကျေးရွာ၊ ဖိုင်လင်းကျေးရွာ၊ စေတီကျေးရွာနှင့် တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်စပ်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

တမူးမြို့နယ်၊ ခမ်းပါတ်မြို့ကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်သည်။

သတင်း -Dureng

ဓါတ်ပုံ – Kuki National Army – KNA FB Page

သင့်ထင်မြင်ချက်ရေးပေးပါ