မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီးကို ယမန်နေ့က ရက္ခိုင့်တပ်တော် (AA) က ထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

မင်းပြားမြို့အနောက်ဘက် ကျားရှည်ပြင်ကျေးရွာအနီး လေးမြို့မြစ်ထဲတွင် စစ်သင်္ဘောကို နစ်မြုပ်အောင်တိုက်ခိုက်ခဲ့ခြင်;ဖြစ်သည်။

AA သိမ်းပိုက်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်းနှင့်ရေကြောင်းတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ ညနေပိုင်းကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပုလဲပေါက်ကျေးရွာမှ အရပ်သားပြည်သူလေးဦး အပြန်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောနှစ်စီးနှင့် ဇက်သင်္ဘောတစ်စီးတို့ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘော ခုနှစ်စီးကို သွားလာမရအောင်နှင့် မြစ်အတွင်းရေချမရအောင်ပြုလုပ်ခဲ့ပြီး လေးစီးကိုတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်နှင့် ရခိုင် – ဘင်္ဂလားဒေ့ရှိနယ်စပ် မောင်တောမြို့နယ်များတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော နှင့် ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် စစ်ကောင်စီစခန်းပေါင်း ၂၀၀ ကျော်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ