တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တမူးမြို့နယ်ရှိ အောင်ဇေယျစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကူလာသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တပ်ဆုတ်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဟုမ္မလင်းမြို့ပေါ်မှ စစ်ကူလာသောစစ်ကြောင်းကို ယမန်နေ့က အမှတ် (၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်စဉ် ပစ္စတို နှစ်လက်၊ စက်သေနတ် သုံးလက်၊ လက်နက်ငယ် ခုနှစ်လက်၊ RPG ဗုံးသီး ၁၂ လုံး၊ ၇.၆၂ ကျည် ၄,၇၀၀ တောင့်၊  ၅.၅၆ ကျည် ၁၁,၉၀၀ တောင့်၊ ကာဘိုင်ကျည် ၉၈၀ တောင့်နှင့် သုံးမျိုးကျည် ၁၇၀ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်က အောင်ဇေယျစခန်း လက်လွတ်ရပြီးနောက် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း မြေပြင်တွင်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့လည်း အောင်ဇေယျကိုပြန်ရချင်တာလားတော့မသိဘူး။ စစ်ကြောင်းထိုးတာတို့ ဘာတို့တော့ရှိတယ်။ သူတို့ထွက်ပြေးပြီး နောက်တစ်နေ့မှာပဲ စစ်ကြောင်းထိုးတယ်လို့သတင်းရတယ်။ အခုချိန်ထိတော့ အဲ့ကျေးရွာမှာက ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေပဲရှိနေတာ” ဟုပြောသည်။

အဆိုပါကျေးရွာသည် SNA တပ်ဖွဲ့နှင့် ကသည်းတပ်ဖွဲ့ဝင်များက အများဆုံးလှုပ်ရှားသော တမူးမြို့နယ် မြောက်ဘက် ဟုမ္မလင်းမြို့နယ် နယ်စပ်တွင်တည်ရှိပြီး  ထိန်းချုပ်နိုင်ပါက စစ်ရေးအရ လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူသွားနိုင်မည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ညမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ၁၀ နာရီခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အောင်ဇေယျစစ်ကောင်စီစခန်းကို ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

သတင်း – Dureng

ဓာတ်ပုံ – Ministry of Defence – National Unity Government of Myanmar

သင့်ထင်မြင်ချက်ရေးပေးပါ