မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ယနေ့တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား – ဝိုင်းမော်သွားလမ်းရှိ TOP စက်သုံးဆီဆိုင်အနီးတွင် ယနေ့နံနက် ၁၀ နာရီခန့်က ဆိုင်ကယ်ချင်းတိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူက The 74 Media ကိုပြောသည်။
“ဆုံးသွားသူက တခြားဒဏ်ရာကြီးကြီးမားမားဖြစ်တာတော့မတွေ့ရဘူး။ ခေါင်း၊ ပခုံးရယ်၊ နံရိုးတို့မှာပဲ အနည်းငယ်ထိသွားတယ်။ ဦးခေါင်းကသွေးထွက်ဒဏ်တွေမရှိဘူး။ ဒါပေမဲ့ ပါးစပ်ကတော့ သွေးထွက်တာ ဟုတ်တယ်။ တခြားတစ်ယောက်က နဖူးတည့်တည့်မှာ ချိုင့်သွားတယ်။ သူကစိုးရိမ်ရတယ်” ဟုပြောသည်။
သေဆုံးသူမှာ ဝိုင်းမော်မြို့၊ ရပ်ကွက် (၃) တွင်နေထိုင်သည့် အသက် (၅၃) နှစ်ခန့်အရွယ်ရှိ ဦးမောင်နိုင်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖီမော်ကျေးရွာတွင်နေထိုင်သူ အသက် (၂၀) နှစ်ခန့်အရွယ်ရှိ မောင်ချမ်းဘောမ်ဆိုသူ နဖူးချိုင့်ဒဏ်ရာရရှိခဲ့ပြီး ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။
မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ အောင်ချမ်းသာဘုန်းကြီးကျောင်းအနီးရှိ လမ်းဆုံတွင်လည်း ယနေ့မွန်းလွှဲ ၁ နာရီခွဲခန့်က ကားနှင့်သုံးဘီးတစ်စီး တိုက်မိခဲ့ပြီး လူငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက ပြောသည်။
“နှစ်ဖက်စလုံးက အရှိန်မထိန်းနိုင်လို့ရှောင်ရင်းနဲ့ဆွဲချသလိုဖြစ်သွားတာ။ ကားက မြောင်းကိုထိုးကျသွားတယ်။ သုံးဘီးက ကြက်သယ်ထားတာ။ တစ်ယောက်က ညာဘက်ခြေထောက်နဲ့ပေါင် ထိထားတယ်။ ကျိုးတော့ မကျိုးသွားဘူး။ တစ်ယောက်က ခါးနဲ့ဗိုက်ကိုသုံးဘီးလက်ကိုင်နဲ့ထိသွားလို့အောင့်သွားတာ” ဟုပြောသည်။
ညာဘက်ခြေထောက် ခြေကျင်းဝတ်နှင့် ခါးအောင့်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၉ နှစ်ခန့်အရွယ်ရှိ မောင်နိုင်လူနှင့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ပြည့်ဖြိုးအောင်တို့ကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်းသိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၈၀ မှု၊ ဒဏ်ရာရရှိမှု ၁၉၈ မှုနှင့် သေဆုံးမှု ၁၂၇ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း – Doi Awng
ဓာတ်ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း