ဒေသခံပြည်သူများ ကန့်ကွက်နေ့သော်လည်း မိုးမောက်မြို့နယ်၊ စိန်လုံတောင်ကြောရှိ  စိုက်ပျိုးရေးခြံများတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

မိုးမောက် – လွယ်ဂျယ်လမ်း ဘယ်ဘက်ခြမ်းရှိ လဂတ်တောင် (Lagat Bum) တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ ဗျင်ဝိုင်းဒေသခံပြည်သူတို့၏ ရှောက်ကောစိုက်ပျိုးထားသည့် ဥယာဉ်ခြံမြေနေရာများကို ခုတ်ထွင်ရှင်းလင်းကာ မြေရှားသတ္တုတူးဖော်နေခြင်းဖြစ်သည်ဟု ခြံပိုင်ရှင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကုန်းမှာကျတော့ မြေရှားတူးဆီ စစ်တဲ့နေရာလုပ်ဖို့အတွက် တောင်ဂတုံးဖြစ်အောင် အပင်တစ်ပင်မှမပေါက်အောင် အားလုံးခုတ်လိုက်ပြီး ထင်းတွေလည်းလုပ်ထားပြီ။ အဲ့ဒီနားမှာပဲ သူတို့ရဲ့ တဲအားလုံးလည်းလုပ်ထားတယ်။ တူးနေတဲ့နေရာတစ်ခြမ်းရှိသေးတယ်။ အဲ့ဘက်မှာကျတော့ မသွားခိုင်းဘူး” ဟုပြောသည်။

အဆိုပါနေရာတွင် မြေရှားသတ္တုတူးဖော်ခြင်းမပြုလုပ်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလမှစတင်ကာ အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပြီးနောက် မိုင်ဂျာယန်မြို့ရှိ KIO အရာရှိများက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လုပ်ငန်းရပ်နားလိုက်ပြီဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သို့သော် လက်ရှိအချိန်ထိ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ဒေသခံများ၏ကန့်ကွက်မှုများကို လျစ်လျူရှုထားသည်ဟု မြေရှားသတ္ထုတူးဖော်မှုကန့်ကွက်ရေးတွင် ကူညီဆောင်ရွက်ပေးနေသည့် ဖာသာဒေါက်တာစတီဗင်နန်းဇင်းနောင်လတ် ကပြောသည်။

“အဲဒီတောင်ကြောဘက်ကကျတော့ ဗျင်ဝိုင်တွေရဲ့ ဘိုးဘွားအစဉ်အဆက် တောင်ယာလုပ်စားခဲ့တဲ့ နယ်မြေပေါ့နော်။ သူတို့မြေရှားတူးဖော်မယ့်သတင်းကြားတော့ ရပ်ရွာကို ဦးဆောင်တဲ့သူတွေက အစည်းအဝေး လုပ်ပြီးတော့ ဗျင်ဝိုင်တောင်ကြောတစ်လျှောက်မှာတော့ မြေရှားတူးဖော်တာ မလုပ်ပေးပါနဲ့ ပရောဂျက် မဝင်ပေးပါနဲ့ဆိုပြီး သူတို့စာထည့်ကြတယ်” ဟုပြောသည်။

KIA အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများထံ ဒေသခံပြည်သူများက ကန့်ကွက်စာများပေးပို့သည့် အစောပိုင်းကာလတွင် တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိဘဲ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဒေသခံပြည်သူများကို မိုင်ဂျာယန်မြို့ မနောကွင်းသို့ခေါ်ယူကာ မြေရှားသတ္တုတူးဖော်မှု ရပ်နားလိုက်ပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောဆိုခဲ့သောကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က ဗျင်ဝိုင်းဒေသခံ ၁၄ ဦးက ဆိုင်ကယ် ခုနှစ်စီးဖြင့် လဂတ်တောင်ရှိ ရှောက်ကောစိုက်ခင်းများသို့သွားရာ လမ်းတွင်တားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မြေရှားတူးတာ တားဆီးပေးထားပြီဆိုတော့ ရှောက်ကောပင်တွေ ထိခိုက်တဲ့နေရာမှာ အပင်ခုတ်လှဲထားတဲ့ ဟာတွေကို ရှင်းဖို့အတွက်တက်တာ။ ခြိမ်းခြောက်ပြီးတော့ စစ်ဆေးတယ်။ စစ်သားတွေရဲ့သူလျှိုထင်တယ် ဖုန်းစစ်ဆိုပြီး ဖုန်းတွေအားလုံးသိမ်းပေးလိုက်တယ်၊ ပြီးတော့ လူတစ်ယောက်ချင်းစစ်မေးပြီး ဓာတ်ပုံအားလုံး ရိုက်ယူထားလိုက်တယ်” ဟုပြောသည်။

အဆိုပါလုပ်ကွက်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစတင်ကာ တူးဖော်နေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ မြေရှားတူးဖော်ကာ အခြားနိုင်ငံသို့ တင်ပို့ခြင်းထက် မိမိနိုင်ငံအတွင်းကိုယ်တိုင်အသုံးပြုနိုင်သည့် အချိန်မှသာ တူးဖော်စေလိုကြောင်း ရပ်မိရပ်ဖ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီ KIA တွေကိုက ပြောချင်တာတော့ သားစဉ်မြေးဆက်ပေါ့ မတူးဖို့အတွက်ပဲတောင်းဆိုချင်တာ။ ငြိမ်းချမ်းရေးရသွားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့အချိန်မှာမှ တူးမယ်ဆိုရင်လည်း ရွာသေးသေးလေးတွေကို တစ်နေရာမှာစုစည်းလိုက်ပြီး ကိုယ့်နိုင်ငံမှာကိုယ်အသုံးပြုနိုင်တဲ့အချိန်မှပဲ တူးဖော်ခိုင်းစေချင်တာ။ အခုကျတော့ တရုတ်တွေပဲလာတူးပြီးမှ သူတို့နိုင်ငံကနေထွက်သလို မတူးခိုင်းစေချင်ဘူး” ဟုပြောသည်။

လက်ရှိတူးဖော်နေသည့် ကုမ္ပဏီအမည်များနှင့် တူးဖော်နေသူတို့၏ အမည်စာရင်းကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIO အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ဗျင်ဝိုင်ကျေးရွာအနီးရှိ ပန်လျှန် (Pan Hlyan) ကျေးရွာ ဒေသခံများကိုလည်း မြေရှားသတ္ထုတူး‌ဖော်မှုကန့်ကွက်ရေးတွင် မပါဝင်ကြရန်ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မံစီမြို့နယ်၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းကို ဒေသခံပြည်သူများက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှစတင်ကာ အလားတူကန့်ကွက်မှုများပြုလုပ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် KIO ဘက်က ရပ်ဆိုင်းပေးခဲ့သည်။

သတင်း – Thu Ta

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ