မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်လွှတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခွာစစ်ပုံစံနဲ့တိုက်နေတာစစ်ကောင်စီတွေက၊ လေယာဉ်တွေ ဗုံးကြဲတာကရက်စက်တယ်။ ကျောင်းတစ်ခုတောင်ပါသွားတယ်။ ဒီမနက်လည်း လေယာဉ်နဲ့ပစ်နေပြီ။ ဘယ်နှစ်စီးနဲ့ လာပစ်တယ်ဆိုတာတွေတော့ မသိတော့ဘူးအကြိမ်ကြိမ်ပဲ” ဟုပြောသည်။

ကချင်လွှတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၃) လက်အောက်ရှိ တပ်ရင်း (၁၂) ၊ AA၊ KPDF ပူးပေါင်းတပ်များ ယနေ့နံနက်တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သိမ်းနိုင်ပြီ၊ သေချာပြီ၊ စစ်ကောင်စီဘက်ကတော့ တော်တော်လေးထိသွားပြီ။ ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်၊ နှစ်ယောက်ထိခိုက်မှုတော့ရှိတာပေါ့” ဟုပြောသည်။

စခန်းသိမ်းဆည်းရမိခြင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချိန် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဘာမှမကြားရသေးဘူး တိုက်နေဆဲ တိုက်ပွဲပြင်းထန်နေဆဲ။ ဂျက်တွေနဲ့လာ Y -12၊ Y -8 တွေနဲ့လာပစ်နေတယ်လို့ကြားနေရတယ်” ဟုပြောသည်။

မံစီမြို့နယ် စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲအတွင်း ပြည်သူ ငါးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွေကြောင့် စီအူကျေးရွာနှင့် စီခမ်းကြီးကျေးရွာအနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ စုပေါင်းဂိတ်များကို ပြီးခဲ့တဲ့ ဇန်နဝါရီလတွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

သတင်း – Doi Awng

 

သင့်ထင်မြင်ချက်ရေးပေးပါ