မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်များကျဆုံးခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသုံးရက်တာအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့မနက်ပိုင်းက ကျတာတဲ့ ကလေးတွေက စခန်းသိမ်းပွဲဆိုတော့ သေနတ်ကျည်ဆံကြောင့်လည်း ပါသလို လေယာဉ်ကြောင့်လည်း ပါကြတယ်တဲ့” ဟုပြောသည်။

တိုက်ပွဲတွင် KIA တပ်မဟာ (၃) လက်အောက်ရှိ တပ်ရင်း (၁၂) ၊ ရက္ခိုင့်တပ်တော် (AA)နှင့် KPDF ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင် ၁၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျွန်တော်အတိအကျသိတာတော့ စခန်းသိမ်းပွဲကြောင့် ပေးဆက်လိုက်ရတာ ကျွန်တော်ကိုယ်တိုင် အတည်ပြုခဲ့၊ မြင်ခဲ့တာတွေပါ” ဟုပြောသည်။

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မံစီမြို့နယ်အတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသောကြောင့် ယနေ့ညနေ ၅ နာရီခန့်က မဂျွယ်ခဆန်ကောင် (Majoi hka san kawng) ရပ်ကွက်ရှိ သက်ကြီးရွယ်အိုအမျိုးသား တစ်ဦးနှင့် အမျိုုးသမီးတစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“နေ့ခင်းပိုင်းဆိုဘာမှမဖြစ်ဘူး ညညဆိုရင်ပစ်ပြီသူတို့က သုံး၊ လေးညလောက်ရှိနေပြီ။ အခုလည်း ပစ်နေတုန်းပဲ ဒီညတော့ ရွာထဲကျတာတွေရှိနေတယ်။ အခုလည်းအပြင်လုံးဝထွက်လို့ မရဘူး လက်နက်ကြီးကျတဲ့ နေရာက အရမ်းနီးသလိုပဲ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် အသက် ၇၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားမှာ ခါးတွင်လက်နက်ကြီးစထိမှန်ခဲ့ပြီး၊ အမျိုးသမီးတစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်ခန့်နှင့် ၁၁ နှစ်ခန့်အရွယ်ရှိ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူခြောက်ဦးထက်မနည်း သေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ