ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လေလံတင်ရောင်းချရာတွင် ပါဝင်သူအားလုံးကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ဟု NUG ၏ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဧရိယာ (၁.၉၂၃) ဧက ကျယ်ဝန်းသော ခြံအမှတ်(၅၄-၅၆) ရှိမြေနှင့် အဆောက်အအုံများအားလုံးကို ကြားကာလ၏ အမျိုးသားယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သဖြင့် ဆက်လက်ကျူးလွန်ခြင်းမပြုလုပ်ရန်နှင့် ကျူးလွန်မှုဖြစ်စဥ်တွင် ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးကို သက်ဆိုင်ရာဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အမျိုးသားယဥ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားသည့် မြေနှင့် အဆောက်အအုံကို ငွေကျပ်သုံးဆယ့်တစ်သိန်းငါးသောင်းဖြင့် လေလံကြမ်းခင်းဈေးသတ်မှတ်ကာ ရှေ့နေဦးမျိုးမောင်မောင်စိုးက တင်သွင်းခဲ့ပြီး လာမည့် မတ်လ ၂၀ ရက်နေ့တွင် လေလံပွဲပြုလုပ်ကာရောင်းချသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဇနီးဒေါ်ခင်ကြည်နှင့် ဒေါ်ဆောင်ဆန်းစုကြည်တို့ နေထိုင်ခဲ့သည့် နေအိမ်ကို စစ်ကောင်စီက “လိုသလို ပြုပြင်သုံးစွဲနေသည့် တရားမျှတမှုမရှိသော ဥပဒေအဆုံးဖြတ်ချက်များအောက်တွင် ခြံအမှတ်(၅၄-၅၆)၏ ဖြစ်တည်နေမှု ပျောက်ပျက်မသွားစေရေးအတွက်” ဟုဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမျိုးသားအဆင့် ကြားကာလအမွေအနှစ်အဖြစ် ကြေညာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ