စစ်ရေးဆက်လက်တင်းမာနေသည့် မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုအချို့ ထိပ်လန့်သေဆုံးခဲ့ကြောင်း သိရသည်။

ရီခူးမန်ခမ်ကျေးရွာ (မံခံရေခူးကျေးရွာ) တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် သက်ကြီးရွယ်အိုအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရပ်ကွက်ထဲကျ ထိမှန်တာတွေရှိလာနေတယ်။ ရွာကအဖွားအိုနှစ်ယောက်က လက်နက်ကြီးကျကွဲသံကိုလန့်ပြီး သေသွားတာ။ တစ်ယောက်ကိုတော့ဒီနေ့ မြေချလိုက်ပြီ နောက်တစ်ယောက်ကိုတော့ မနက်ဖြန်ချမှာ” ဟု ပြောသည်။

သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၈၄ နှစ်ခန့်အရွယ်နှင့် ၆၀ ကျော်ခန့်အရွယ်တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ပြီး အသက် ၆၀ ကျော်ခန့်အရွယ်ရှိ ပြည်သူနှစ်ဦးလည်း ခါးနှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“အသက်ကြီးတဲ့သူတွေကြီးပဲ ထိခိုက်တာတွေ သေဆုံးတာတွေဖြစ်သွားကြတယ်။ လက်နက်ကြီးက အရင်ညတွေလည်း အသံတွေတော့ထွက်တယ်။ အိမ်နှစ်လုံးက လုံးဝပြာကျသွားတာတော့ မဟုတ်ပေမဲ့ တော်တော်လေးထိခိုက်ပျက်စီးသွားတာပါ” ဟု ပြောသည်။

စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်က နေ့စဉ် မံစီမြို့နယ်အတွင်း လေကြောင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသဖြင့် အသက် ၂ နှစ်ခန့်နှင့် ၁၁ နှစ်ခန့်အရွယ်ရှိ ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူခြောက်ဦးထက်မနည်း သေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၉ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ