ရပ်ထားသောသုံးဘီဆိုင်ကယ်ကို ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းနင်သူအမျိုးသားတစ်ဦး ယနေ့ ညနေ ၅ နာရီခန့်က ဝိုင်းမော်မြို့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော် – ဝါရှောင်လမ်းမကြီးရှိ နှစ်ခြင်းဘုရားကျောင်းအနီးရပ်ထားသည့် သုံးဘီးဆိုင်ကယ်ကို အရှိန်ဖြင့် ဝင်တိုက်ခဲ့သဖြင့် ဇက်ကျိုးသေဆုံးခဲ့သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက The 74 Media ကိုပြောသည်။

“ဘယ်လိုများဝင်တိုက်လိုက်သလဲလို့တော့ မပြောတတ်ဘူးဗျာ၊ ရပ်ထားတဲ့သုံးဘီးအနေအထားကို ကြည့်ရတာကတော့ နောက်ကနေတိုက်လိုက်ပုံရတယ်။ အရှိန်ကတော့ တော်တော်လေးများပုံရပါတယ်။ ဆေးရုံတောင်မရောက်လိုက်ဘူး အဲ့မှာပဲသေသွားတာ။ ဇက်ကျိုးသွားတာသူက မျက်နှာမှာတော့ နည်းနည်း ပွန်းပဲ့ထားတာတွေတော့ရှိတာပေါ့” ဟုပြောသည်။

ရုပ်အလောင်းကို လက်ရှိ ဝိုင်းမော်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သူကပြောသည်။

သေဆုံးသူမှာ ဝိုင်းမော်မြို့ ရပ်ကွက် (၃) တွင်နေထိုင်သည့် အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ဦးချစ်အောင်ဆိုသူဖြစ်ပြီး ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – ဝိုင်းမော်သွားလမ်းရှိ TOP စက်သုံးဆီဆိုင်အနီးတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဆိုင်ကယ်ချင်းတိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – မွန်မြတ်စေတနာ FB page

သင့်ထင်မြင်ချက်ရေးပေးပါ