စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရဲစခန်း၊ ဘုရားကုန်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (နတလကျောင်း) အပါအဝင် မြို့အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းအသုံးပြုနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ မနက်ကတည်းက ထိုးစစ်ဆင်နေတာ။ တစ်နေကုန်လေယာဉ်နဲ့ပစ်နေလို့တိုးလို့မရသေးဘူး။ တိုက်ပွဲကြာချိန် ကတော့ ၅ နာရီခန့်ပေါ့။ အခုတော့ လေယာဉ်ပစ်ပြီးကတည်းက နားနေပါတယ်ဗျ” ဟုဆိုသည်။

ပင်လည်ဘူးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခြေမြန်တပ်ရင်း ခ.မ.ရ (၃၆၆) နှင့် (၃၇၀) တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး စစ်ရှောင်ပြည်သူများ နေထိုင်သည့် နေရာများကိုလည်း ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း သူက ဆက်ပြောသည်။

“မြို့ပေါ်ကလူတွေက ကျေးရွာတွေကို စစ်ဘေးရှောင်နေတာ နှစ်နှစ်လောက်ရှိပါပြီဗျ။ စစ်ဘေးရှောင်တဲ့နေရာက စည်ကားနေပြီ မြို့ကိုစစ်ကောင်စီကိုပေးလိုက်ရပြီးနောက်ပိုင်း ဒုတိယမြို့လိုဖြစ်နေတာ။ ပစ်သွားတာတော့ မဆိုင်တဲ့ ပြည်သူနေအိမ်တွေဘက်လည်း ပစ်ခတ်သွားတယ်။ လူနေအိမ်တချို့ပျက်စီးသွားတယ်” ဟုဆိုသည်။

ဖုန်းလိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေနေအသေးစိတ်ကို မသိရှိရသော်လည်း စစ်ကောင်စီက နံနက်ပိုင်း အချိန်မှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲဒီဘက်က ဖုန်းလိုင်းတွေလည်းဖြတ်ထားတာဆိုတော့ ဆက်သွယ်လို့မရသေးဘူး။ မနက်ကတည်းကနေတော့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်” ဟုဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) အပါအဝင်၊ ပင်လည်ဘူးမြို့နယ် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မော်လိုက်ခရိုင် PDF နှင့် ကောလင်းခရိုင် PDF တို့ပါဝင်ကြောင်းသိရသည်။

ပင်လည်ဘူးမြို့မှာ အရှေ့ဘက်တွင် ဝန်းသို၊ တောင်ဘက်တွင် ကောလင်း၊ ကျွန်းလှ၊ အနောက်ဘက်တွင် ဖောင်းပြင်နှင့် မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်တို့နှင့် ဆက်စပ်လျက်ရှိကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ