ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ယမန်နေ့ ညနေလေးနာရီခန့်မှစတင်ကာ ခုနှစ်နာရီခန့်အထိ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့ရာ ရပ်ကွက်ဘောလုံးကွင်းအနီးရှိနေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု တာဟန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေဆုံးသွားတာသုံးဦး၊ အမျိုးသားတစ်ယောက်ရယ်၊ အမျိုးသမီးနှစ်ယောက်ရယ်ဟုတ်တယ်။ ညက ဘယ်ကနေဖောက်(ပစ်)လိုက်တာလားတော့မသိဘူး။ လက်နက်ကြီးတွေ အမြောက်ကြီးတွေပေါ့ ဖောက်နေတာ” ဟုပြောသည်။

သေဆုံးသူသုံးဦးမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးလာနွန်ထား၊ အသက် ၆၅ နှစ်ခန့်အရွယ်ရှိ မထန်ကျွေးနှင့် အသက် ၁၆ နှစ်ခန့်အရွယ်ရှိ မမော်နီကာဆိုသူတို့ဖြစ်ပြီး မော်နီကာ၏ ညီမဖြစ်သူက ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသောကြောင့် ကလေးမြို့ရှိ စစ်ကောင်စီ အမြှောက်တပ်နှင့် ဖီလာကုန်းတို့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လက်နက်ကြီးကတော့ တောက်လျှောက်ကိုပစ်နေတာ။ လောလောဆယ်တော့ ကလေးတောင်ဘက်ရော မြောက်ဘက်ရော တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲတွေဖြစ်နေလို့ သူတို့(စစ်ကောင်စီ)တွေက ရမ်းသမ်းပစ်ခတ်တဲ့ သဘောပါပဲ” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကလေးမြို့ စီးစံကျေးရွာမှ လင်မယားနှစ်ဦးသေဆုံးခဲ့ပြီး သုံနှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရရှိခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ