ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ကဇူးကျေးရွာရှိ ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်ရုံးအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

လက်နက်၊ ရိက္ခာများတင်ဆောင်ထားသည့် ကားလေးစီနှင့် အင်အား ၄၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို KIA က ဂါးရာယန်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်နက်ပစ်ခတ်သံများကြားရပြီးနောက်‌ အဆိုပါစစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာခြင်းဖြစ်ပြီး ဇုံနယ်ရုံးအတွင်းရှိ အဆောက်အဦးများနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်သွားသည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လိုဖြစ်ကြမှန်းမသိဘူး နာရီဝက်လောက်ကြာတော့ ကားရော ခြေကျင်နဲ့အဖွဲ့တွေရော ဆမားရုံးဘက်ကို ရောက်ချလာကြတယ်။ စစရောက်တဲ့အချိန်တော့ မီးဖိုချောင်က ဘာဖြစ်လို့ ဒီလောက်ကြီးတာလဲ။ လူက ဘယ်လောက်များလို့ ဘယ်သူတွေလာစားလို့ နေလို့ ဘာလုပ်ကြတာလဲဆိုပြီး မေးတယ်” ဟုပြောသည်။

စစ်ကားသုံးစီးဖြင့် လက်နက်နှင့် ရိက္ခာများ တင်ဆောင်လာပြီး ဘက်ဟိုးကားတစ်စီးလည်းပါရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ ကဇူးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသို့ ထွက်ခွာသွားပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စာသင်ကျောင်းနှင့် ဇုံနယ်ရုံးအတွင်း ဆက်လက်တပ်စွဲထားကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဂါးရာယန်ကျေးရွာနှင့် ကဇူးကျေးရွာမှ ဒေသခံများက တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြပြီး စတင်တိမ်းရှောင်နေသည့် ဒေသခံပြည်သူများရှိသော်လည်း အများစုမှာ တိမ်းရှောင်ရန် ခက်ခဲနေကြောင်း ရပ်မိရပ်ဖအခြားတစ်ဦးက ဆက်ပြောသည်။

“အားလုံးကစိုးရိမ်တာပေါ့၊ ကြောက်ကြတာပေါ့ အလုံးအရင်းကြီးဝင်လာတာကို။ အသင်းတော်ချုပ်ကနေ အရေးပေါ်ဖြစ်လာရင် ရှောင်ဖို့လိုလာရင် ဘယ်ရွာကဘယ်နေရာကိုရှောင်ဖို့ဆိုပြီး သက်မှတ်ပေးထားတာတော့ ရှိတယ်။ ဒါပေမဲ့အများစုက ရှောင်ဖို့ခက်ခဲနေကြတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ယခုလပိုင်းအတွင်း ကချင်ပြည်နယ်အတွင်းရှိ တပ်စခန်းများကို အင်အာနှင့် ရိက္ခာဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း လိုင်ဇာမြို့အနီးရှိ အင်တပ်ဘွမ် (Ntap Bum) မှ ဆင်းလာသော စစ်ကောင်စီခြေလျင်တပ် (ခ.လ.ရ – ၂၃၆) နှင့် KIA တပ်ရင်း ၂၄ တို့ နားလုံနှင့် ရှဒန်ပါကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးအခြေအနေတင်းမာခဲ့ပြီး KIA က စစ်ကောင်စီတပ်၏ လွယ်လွမ်အောင်ဂျာတပ်စခန်းနှင့် ကန်တော်ယန်ဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်ကောင်စီ ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကိုလည်း ပစ်ချခဲ့သည်။

သတင်း – Zami

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ