စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ခြမ်းရှိ အိမ်ခြေ ၂၅၀ ကျော်ခန့်ကို စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွှေဘိုမြို့အနောက်ဘက်ခြမ်းရှိ မြို့လှကျေးရွာသို့ ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် မင်းအောင်ညိုက The 74 Media ကို ပြောသည်။

“ပထမဆုံးစရှို့တာက ၂ ရက်နေ့က ဘာမှစစ်လည်းမဖြစ်ဘဲနဲ့ နေအိမ် ၂၃၈ လုံးဝင်ရှို့သွားတယ်။ ဒုတိယအကြိမ်က ၇ ရက်နေ့က ၂၈ လုံးထပ်ရှို့သွားတယ်။ စုစုပေါင်း ၂၆၆ အိမ်ပေါ့။ အခုလည်းသူတို့က လှုပ်ရှားနေတာပဲ။ ပြည်သူတွေကတော့ ကံသာကုန်းက ကျောင်းထဲမှာ စစ်ရှောင်နေရတယ်” ဟုဆိုသည်။

ဇီးဖြူကုန်းနှင့် တည်သီးတောစသည့်ကျေးရွာများရှိ ပျူစောထီးတပ်ဖွဲ့ဝင်များက မြို့လှကျေးရွာ ပြည်သူတို့၏ နေအိမ်အတွင်းရှိ ပစ္စည်းများကိုခိုးယူခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်ခဲ့သဖြင့် ပစ္စည်းသယ်ချိန်မရဘဲ ထွက်ပြေးခဲ့ရပြီး နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရသောကြောင့် စစ်ရှောင်များမှာ အစားအသောက်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့က ဗြုန်းစားဗြင်းစားကြီး လက်နက်ကြီးနဲ့ထုပြီးဝင်ပြီးတော့ မီးရှို့ခံလိုက်ရတာဆိုတော့ အင်္ကျီတွေလည်း မရလိုက်ဘူး။ အခုလက်ရှိအနေထားတော့ အစားအသောက်တွေလိုအပ်တယ်။ အားလုံးမီးရှို့ခံလိုက်ရတာဆိုတော့ အဝတ်အစားတွေအခက်ခဲဖြစ်နေပါတယ်။ နေစရာထိုင်စရာကတော့ ကျွန်တော်တို့ကိုကျောင်းထဲမှာပဲ ပေးထားပြီးတော့ ရပ်ရွာကနေပြီးတော့အလှူခံပြီးတော့ ချက်ပြုတ်ကျွေးနေပါတယ်ခင်ဗျ” ဟုဆိုသည်။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်း၏ လုပ်ရပ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မြို့လှကျေးရွာမှ ဒေသခံ ၉၀၀ ခန့် အပါအဝင် ၁၁၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar ၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီး နောက်စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များက စစ်ကိုင်းတိုင်းအတွင်းရှိနေအိမ်ပေါင်း ခြောက်သောင်း နှစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ