စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ယနေ့နံနက်ပိုင်းအချိန်ကစတင်ကာ ရွှေကူမြို့နယ်၊ မြို့လှမြို့မှ ဆုတ်ခွာသွားသဖြင့် မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့က မြို့လှမြို့သို့ရောက်ရှိခဲ့ပြီးနောက် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းက ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကျောက်တစ်လုံးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“မြို့လှကနေအခု စစ်ကောင်စီတွေ ကျောက်ကြီးကို ပြန်ဆုတ်ခဲ့တာပေါ့ဗျာ။ ကျောက်ကြီးမှာထိုင်နေတဲ့ တပ်ကနေပြီးမှ ကျောက်ကြီးကတပ်နဲ့ အပြင်က ၂၃ ယောက်နဲ့ ပေါင်းပြီးမှ သွားကြိုခဲ့တာ။ အခုကျောက်ကြီးကို ရောက်ခဲ့ပြီ” ဟုဆိုသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကျောက်ကြီးကျေးရွာမှ တစ်ဆင့် သံခွန်များဖြင့် အထက်ဘက်သို့ထွက်ခွာရန် ပစ္စည်းများတင်ဆောင်နေကြကြောင်း မြို့လှဒေသခံတစ်ဦးက ပြောသည်။

“ရွှေ့မယ့်သဘောလား။ တခြားနေရာကို ဆက်ထွက်မလို့လားဆိုတာတော့ ပြောလို့မရသေးဘူးဗျ။ ကျောက်ကြီးကနေလည်း ထွက်နေကြလို့ပါ။ သံခွန်နဲ့ အထက်ဘက်တက်နေတာ” ဟုဆိုသည်။

မြို့လှ KPDF ကလည်း တပ်မ (၈၈) လက်အောက်ခံ ခ.မ.ရ (၃၈၇) ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲသော ဗျူဟာစခန်းကုန်းအား ၂၂.၂.၂၀၂၄ ရက်နေ့တွင် KIA အမှတ် (၅) တပ်ရင်းနှင့် မြို့လှ K-PDF တပ်ရင်းတို့မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်နာရီပိုင်းအတွင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီဗျူဟာကုန်းစခန်းသည် ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှစတင်ကာ အထိုင်ချတပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်၊ မြို့လှမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် KPDF ပူးပေါင်းတပ်တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီဆက်သွယ်ရေးတပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ