တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယမန်နေ့ည ၈ နာရီခန့်မှစတင်ကာ ယနေ့နံနက် ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သော ကံထူးမကျေးရွာရဲစခန်းအနီးရှိ နေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် ကျားဘီလူးစစ်ကြောင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“တိုက်ပွဲအခြေအနေကတော့ မနေ့ညကတည်းက မိုးလင်းတဲ့အထိချတာပေါ့။ အရင်တစ်ခေါက်က စခန်းသိမ်းပြီးတော့ မီးရှို့ထားလိုက်လို့ ဒေသခံတွေရဲ့အိမ်တွေမှာပဲနေတာ။ မနေ့ညက လေကြောင်းတော့ မလာသေးဘူး” ဟုပြောသည်။
အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းက တပ်စွဲနေထိုင်နေသည့် ရဲစခန်းအနီးရှိ နေအိမ်ခြောက်လုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အဲ့ကျားဘီလူးတော့ပြုတ်အောင်တိုက်မှာ တစ်ညနဲ့မရရင် နှစ်ညတိုက်မှာပေါ့။ သူတို့ရဲစခန်းပတ်ပတ်လည်က တိုက်ခြောက်လုံးမှာနေတာ မနေ့ညကတိုက်ခြောက်လုံးစလုံးကို ဝင်တိုက်လိုက်တာလေး။ သူတို့(စစ်ကောင်စီ) သေနတ်သံမကြားရတော့လို့ တည်နေရာမသိလို့ ပြန်ဆုတ်ခဲ့လိုက်တာ” ဟုပြောသည်။
ယမန်နေ့ည တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ကလည်း အကျအဆုံးများကြောင်း သူကပြောသည်။
လက်ရှိအချိန်တွင် ကံထူးမကျေးရွာကို တန့်ဆည်မြို့နှင့် ရေဦးမြို့နယ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေကြောင်းသိရသည်။
တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ နေ့က တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မြေပြင်တွင်လည်း စစ်ကြောင်း ထိုးနေကြာင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုနှင့် စခန်းသိမ်းတိုက်ပွဲကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စတင်ကာ တန့်ဆည်မြို့နယ်အနောက်ဘက်ခြမ်းရှိ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူမှာ ကျေးရွာ ၂၃ ရွာမှ ဒေသခံနှစ်သောင်းကျော်ခန့်ရှိသည်။
သတင်း – Dureng