ဟိုပင်မြို့ရှိ နန့်ရင်းချောင်းကူးတံတား ထိပ်နှစ်ဖက်ကို ဖြတ်သန်းသွားလာမရစေရန် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တို့က ဘက်ဟိုးများဖြင့် မြေတူးဖော်ကာဖျက်ဆီးခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့က နန့်ရင်းကျေးရွာသို့ ရောက်ရှိလာပြီး လမ်းကိုဘက်ဟိုးဖြင့် အနက် ၈ ပေခန့်ရှိသည့် တွင်းများဖြစ်အောင် တူးဖော်ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“နန့်ရင်းချောင်းကူးတဲ့တံတား။ အခိုင်အမာကြီးလုပ်ထားတာလေ။ တံတားဟိုဘက်ဒီဘက်ချောင်းကူးတဲ့ဟာပေါ့။ တံတားတော့မဖျက်သေးပါဘူး။ ဘက်ဟိုးနဲ့မြေတွေကော်သွားတော့ဟိုဘက်ဒီဘက်လမ်းကြော ဖြတ်လိုက်တာ ပေါ့။ ဆိုင်ကယ်လည်းသွားမရအောင်လုပ်လိုက်တာလေ” ဟုဆိုသည်။

အဆိုပါလမ်းမှာ ဟိုပင်မြို့မှ ဆင်ဘိုမြို့အထိသွားလာနိုင်သည့် လမ်းဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် ရိက္ခာပို့ဆောင်နေသည်ဟုဆိုကာ ဖြတ်တောက်ခြင်းဖြစ်သည်ဟု အခြားဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အဲဒီလမ်းက ဗန်းမော်အထိတောင် ကားလမ်းပေါက်တယ်။ သရီးကရောင်းတွေဆို အဲဒီကနေ သွားကြတာ။ အဓိကတော့ တောင်သူတွေရဲ့ကုန်ထုတ်လမ်းတံတားကြီးပေါ့။ အတွင်းထဲမှာရွှေမှော်တွေရှိတယ်။ ဆီ၊ စားသောက်ကုန်တွေတို့ ရန်းဖောင်(ကားကြီး)တွေနဲ့သယ်တာပေါ့ဗျာ။ အဲဒါကိုရှမ်းနီတွေရဲ့အတွေးကကြတော့ PDF တွေကို ပေးတယ်ဆိုပြီး အဲဒီလိုထင်မြင်ချက်နဲ့လုပ်တာ” ဟုပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းမှစတင်ကာ နန့်ရင်းကျေးရွာနှင့်အနီးတစ်ဝိုက် ကားများဖြင့် ကင်းလှည့်နေသည့်အပြင် ဟိုပင် ခလရ (၄၀) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

အလားတူ မံစီမြို့နယ် စီအူကျေးရွာနှင့် နမ့်ဟွန်ကျေးရွာကြားရှိ သံဘောင်တံတား တစ်စင်းကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲချဖျက်ဆီးခဲ့သည်။

သတင်း – Thu Ta

 

 

 

သင့်ထင်မြင်ချက်ရေးပေးပါ