ဖားကန့်မြို့နယ်၊ တာမခံကျေးရွာတွင် ယနေ့ ညနေ ၄ နာရီခွဲခန့်မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၉) နှင့် ရဲစခန်းကို သွားရောက်တိုက်ခိုက်နေရာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးမှုများလည်းရှိသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့နေရာကိုလည်းအရယူဖို့ လုပ်ထားပါတယ်။ လေယာဉ်လာပစ်တယ်ဆိုတာတော့ မဟုတ်သေးဘူး။ လက်နက်ကြီးလှမ်းထုလို့ အိမ်လည်းထိမှန်သွားတယ်တဲ့။ တာမခံဖုန်းဆိုင်တစ်ဆိုင်လည်း ထိလို့ မီးလောင်နေတယ်တဲ့ လူထိတာတွေတော့ မကြားရသေးဘူး အခြေအနေတွေစောင့်ကြည့်နေတုန်းပါ” ဟုပြောသည်။

ဖားကန့်မြို့ ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲကြောင့် တာမခံကျေးရွာနေ ဒေသခံပြည်သူအချို့ လည်း ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်ကြောင်း အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်တာက ရွာနဲ့နီးတယ်။ သက်ကြီးပိုင်းအရွယ်တွေတော့ ပြောင်းနေကုန်ကြပြီ။ ဖားကန့်တပ်မကုန်းကနေပစ်တဲ့လက်နက်ကြီးကျည်က ရွာထဲကျတာရှိတယ်။ အခြေနေက အတိအကျမသိသေးဘူး” ဟုပြောသည်။

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် (KPDF) ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၁၅ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်း ငါးဦးကိုလည်း ဖမ်းဆည်းရမိခဲ့သည်။

ဝှေခါစခန်းသိမ်းတိုက်ပွဲကြောင့် ဖားကန့်မြို့ရှိ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် ဆိုင်းတောင်ကျေးရွာ မှော်ရှန်ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူ ၂၀၀၀ ခန့်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် နေရပ်သို့ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း – Zami၊ Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ