တန့်ဆည်မြို့နယ် တောင်ကျောင်းကျေးရွာတွင် စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာ နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန် ကံထူးမရဲစခန်းတွင် ဖမ်းဆီးခံထားရသူ နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးကိုအပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ထားသည့် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ကျားဘီလူးစစ်ကြောင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တန်ဆည်မြို့နယ် အနောက်ဘက်ခြမ်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တောင်ကျောင်းကျေးရွာမှ ထွက်ခွာသွားသဖြင့် ရှင်းလင်းရေးဝင်ရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီ)တွေ တောင်ကျောင်းကနေ မနေ့ကမှ ထွက်တာလေ၊ အဲ့ချိန် ကိုယ့်လူတွေရှင်းလင်းရေးဝင်တဲ့ အချိန်မှ သတ်ထားခဲ့တာတွေ့တာလေ။ ရဲဘော်တွေလည်း ပါတာ၊ ဖမ်းဆီးနှိပ်စက်ပြီးမှ သတ်သွားတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းက စစ်ကြောင်းသွားရာလမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများကို ဖမ်းဆီး သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကြောင်းတစ်လျှောက် လည်လှီးပြီးတော့သတ်ဖြတ်ခံရတာဟုတ်တယ်။ တန့်ဆည်မှာ ၂၁ ရက်နေ့ကနေစလိုက်တာ လကုန် မတ်လ ၂ ရက်နေ့အထိစစ်ကြောင်းထိုးသွားတာ ဖမ်းခံရပြီး မိသွားတာဟုတ်တယ်။ စစ်ကြောင်းက အပေါ်ကနေပစ်တယ်” ဟုပြောသည်။

ကံထူးမရဲစခန်းတွင် ဖမ်းဆီးခံထားရသူနှစ်ဦးနှင့် ဆူးပါးကုန်းကျေးရွာ ဒေသခံတစ်ဦးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရေဦးမြို့နယ်မှ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၁ ရက်နေ့အတွင်း ဝရငယ်ကျေးရွာမှ အမျိုးသားတစ်ဦး၊ ခနောကျေးရွာမှ ပကဖတာဝန်ခံ အသက် (၅၀) ကျော်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦး၊ အင်ပင်အိုင်ကျေးရွာမှ အသက် (၂၅) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၊ ရွာသစ်ကုန်းကျေးရွာမှ အသက် (၄၅) နှစ်ခန့်အရွယ်ရှိအမျိုးသားတစ်ဦး၊ ဇီးပေါက်ကျေးရွာမှ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးနှင့် ပန်းတိမ်းကုန်ကျေးရွာမှ အသက် (၃၄) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

The 74 Media မှ ရရှိထားသော ပုံများအရ ခေါင်းဖြတ်သတ်ဖြတ်ခံထားရသည့် ဦးခေါင်းများကို မိတ်ကပ်လိမ်းခြယ်ထားပေးခြင်း၊ နေကာမျက်မှန်တပ်ဆင်ထားခြင်း၊ ပါးစပ်တွင် ငွေစက္ကူနှင့် ဆေးလိပ်များ ထိုးထည့်ထားခြင်း၊ ခြေထောက်၊ လက်နှင့် ငယ်ပါဖြတ်.   ခံထားရခြင်းနှင့် ခန္ဓာကိုယ်ခုတ်ခံထားရခြင်းတို့ကို တွေ့ရှိရသည်။

စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၁၁)၊ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၇၀၈) နှင့် ကန့်ဘလူမြို့နယ်မှရောက်ရှိလာသည့် ပျူစောထီးတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့် ကံမထူးမစံပြကျေးရွာရဲစခန်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အနီးတစ်ဝိုက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မီးရှို့ဖျက်ဆီးခံရသောကြောင့် ကံထူးမစံပြကျေးရွာအပါအဝင် သပြေရင်းကျေးရွာ၊ ကော်တက်ကျေးရွာ၊ ဖိုနှုတ်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ခနောရွာသစ်ကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းမှာ တန့်ဆည်မြို့နယ် တနယ်ကျေးရွာမှ ခပေါင်းကြိုင်ကျေးရွာသို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

တန်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆  ဦးကျဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng, Dureng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ