ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၈ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ပြီး အရှင်ဖမ်းမိထားသူများလည်းရှိကြောင်း သိရသည်။
နမ့်မှော်ကျေးရွာနှင့် ကသိုဏ်းတောင်တပ်စခန်းမှ စစ်ကူလာသည့် အင်အား ၈၀ ခန့်ပါရှိသော စစ်ကြောင်းက တာမခန်ကျေးရွာ ဘုန်းကြီးကျောင်းတွင်နေရာယူထားစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ဘုန်းကြီးကျောင်းမှာရှိနေတဲ့သူတွေက မနေ့က စစ်ကူလာခဲ့တာ၊ မနေ့ကရော အဲဒီစစ်ကြောင်းနဲ့ ပစ်ကြသေးတယ်၊ အခုဒီနေ့တော့ လက်နက်မျိုးစုံနဲ့တိုက်တာ၊ ဒရုန်းနဲ့ရော ပတ်ပတ်လည်ဝိုင်းလိုက်ပြီးတော့ ကြားညှပ်ပစ်ကြတာ၊ အကုန်တကွဲတပြားဖြစ်ကုန်ပြီတဲ့” ဟု ပြောသည်။
အရှင်ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးနေသည့် ရုပ်အလောင်းအများအပြား တွေ့ရှိထားကြောင်း ကနဦးသိရသော်လည်း စာရင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
“ပြေးတဲ့သူတွေကပြေးနဲ့ အလောင်းတွေလည်း ပုံနေတယ်တဲ့။ စစ်ကူလာတဲ့သူတွေ အကုန်ပြေးကုန်ပြီ။ အရှင်ဖမ်းမိတာတွေရှိတယ်။ သူတို့ကိုတော့ အကုန်ရှင်းလင်းရေး လုပ်နေပြီလို့ပြောတယ်၊ အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။
တာမခန်ကျေးရွာ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၁၉) စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းသိရသည်။
စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က တာမခန်ရဲစခန်းကို တိုက်ခိုက်သိမ်းခဲ့သည်။
သတင်း – Pan Soon