ကနီမြို့သိမ်းတိုက်ပွဲဆင်နွဲရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကနီမြို့ပေါ်က စခန်းသိမ်းတိုက်ပွဲလုပ်နေကြတာ လေယာဉ်နဲ့ ခဏခဏလာပစ်တယ် နေ့တိုင်းပဲ။ တိုက်ပွဲကတော်တော်ပြင်းထန်တယ်။ အခြေအနေကတော့ ချလိုက်၊ ဆုတ်လိုက်လုပ်နေတာ လေကြောင်းက ခဏတိုင်းလာပစ်နေလို့ အခြေအနေကြည့်ပြီးလှုပ်ရှားရတာ။ သူတို့(စစ်ကောင်စီ)တပ်ဖွဲ့တွေကတော့ မြို့ပေါ်ဘုရားကုန်းမြင့်ပေါ်မှာတွေ တပ်စွဲထားတာ” ဟုပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့်နေ့မှစတင်ကာ နေ့စဉ်လေကြောင်းသုံး တိုက်ခိုက်နေပြီး လက်ရှိစစ်ရေးအခြေအနေကို အတိအကျမပြောနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လေကြောင်းတွေနဲ့လည်း တောက်လျှောက်ကိုပစ်နေတာ ဟုတ်တယ်၊ စစ်ရေးကဏ္ဍ မပြီးမြောက်သေးတာကြောင့် သတင်းအတိအကျ ဖြေကြားပေးလို့မရလို့ပါ။ ကျွန်တော့်ရဲဘော်တွေ မြို့ထဲရှိနေပါတယ်။ မှတ်တမ်းတွေလည်းရှိပါတယ်” ဟုပြောသည်။

ယနေ့နံနက် ရှစ်နာရီခန့်ကလည်း ကနီမြို့ပေါ်သို့ MI 35 ဖြင့် ၄၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်၊ လာပို့ကျေးရွာအနီးရှိ စစ်ကောင်စီတာဝါကုန်းစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ