စစ်ရေးအခြေအနေအရဟုဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သို့ စက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ဝန်းသိုနှင့် အင်းတော်နယ်စပ် ပါအော့ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဂိတ်မှစတင်ကာ ဗန်းမောက်သို့သွားမည့်ကုန်ကားများကို ဖြတ်သန်းခွင့်မပေးကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ယာဉ်မောင်းတစ်ဦးက The 74 Media ကို ပြောသည်။

“ကျွန်တော့်ကားလည်းဝင်လို့မရဘူး တခြားဘယ်ကားမှလည်းဝင်လို့မရဘူးဆိုပြီးတော့ သူတို့ကပိတ်ထားတာ။ လှည့်ပြန်ပြီးတော့မှ မင်းတို့ထားချင်တဲ့နေရာမှာထားခဲ့ သူတို့ဂိတ်နားမှာထားမယ်ဆိုလို့ရှိရင်လည်း သူတို့က အထားမခံဘူး။ အင်းတော်တို့ဘာတို့ဘက်ကနေ အားလူခြောက်ကြော်တွေလာရောင်းတဲ့ဆိုင်ကယ်နှစ်စီးဆိုရင် ကျွန်တော့်အရှေ့တင် ပြန်လွတ်လိုက်တာသူတို့” ဟုပြောသည်။

ဗန်းမောက်မြို့သို့ စက်သုံးဆီတင်သွင်းခွင့်ကို မေလနှောင်းပိုင်းမှစတင်ပိတ်ပင်ခဲ့ပြီးနောက် ဇွန်လ ၆ ရက်နေ့ကစပြီး ကုန်ပစ္စည်းတင်သွင်းခွင့်ပါ ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းနှင့် စက်သုံးဆီတင်သွင်းခွင့်ကို ရက်အကန့်သတ်မရှိပိတ်ထားပြီး စစ်ရေးအခြေနေအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲဒါကတော့ သူတို့စစ်ရေးအရပိတ်ပင်ခိုင်းထားတဲ့အရာတွေကတော့ ကျွန်တော်တို့ သိပ်ပြီးတော့ ပြောလို့မရဘူးဗျ။ ခရိုင်စစ်ဒေသဘက်ကနေပိတ်ခိုင်းထားတာဆိုတော့။ အခုကပိတ်တာက ဗန်းမောက်မြို့ထဲကို စီးဝင်နိုင်တဲ့လမ်းကြောင်းတွေအကုန်လုံးကိုပိတ်လိုက်တဲ့အနေထားမျိုးရှိတာ” ဟုပြောသည်။

မဲဇာကျေးရွာအထွက်ရှိ ပါအော့ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယာယီဂိတ်ထိုင်ခဲ့ရာမှ ပြီးခဲ့သည့် မေလမှစတင်ကာအထိုင်ချပြီးနောက် စက်သုံးဆီနှင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိအဆိုပါမြို့တွင် ဗန်းမောက်မြို့နယ်အနီးတစ်ဝိုက်မှ စစ်ရှောင်ပြည်သူအများအပြား လာရောက်နေထိုင်နေကြသဖြင့် ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်သည့် ရက်ကြာလာပါက အခက်ကြုံလာမည်ကို စိုးရိမ်ကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးကဆိုသည်။

“စားကုန်သောက်ကုန်တွေပိတ်ပစ်လိုက်တော့ စစ်ရှောင်တွေနဲ့ ဒီပြည်သူတွေပဲ ဒုက္ခရောက်မှာလေ။ လောလောဆယ်က ဈေးများသွားတာကလွဲလို့ ဝယ်လို့ရနေသေးတယ်။ ဈေးကနဂိုကလည်းများတော့ အခုပိုများသွားတာပေါ့။ အခုရက်မကြာသေးဘူး ဒါ့ထက်ပိုပြီးရက်ကြာသွားမယ်ဆိုရင် ပိုပြီးဒုက္ခရောက်မယ်လေ” ဟုဆိုသည်။

ဗန်းမောက်မြို့တွင် စစ်ကောင်စီတပ်မ ၇၇ လက်အောက်ခံ ခြေမြန်တပ်ရင်း ခ.မ.ရ (၈)၊ SNA တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက ပူးပေါင်းတပ်စွဲနေထိုင်လျက်ရှိသည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ