ဖားကန့်မြို့၊ မှော်စီစာကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့်က လက်ကျင်းပြိုကျသဖြင့် ကျောက်တူးဖော်နေသူ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

သာယာကုန်းကျေးရွာအနောက်ဘက်ခြမ်းတစ်နေရာတွင် လက်ကျင်းတူးဖော်နေစဉ် ပြိုကျခဲ့သောကြောင့် မြေစာပိကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မြေစာပြိုကျတာနဲ့ တစ်ယောက်ကတော့အောက်ကိုပြေးဆင်းတာ သူကတော့ နည်းနည်းသက်သာသွားတယ်။ ရုတ်တရက်ကြီး ပြိုကျခဲ့တာ။ လူတွေများလို့ဖော်တာမြန်သွားတာ ဟုတ်တယ်။ နှစ်တိုင်းလိုလို မြေစာပြိုတာက ကြားနေရစမြဲ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၁၈ နှစ်ခန့်အရွယ်ရှိ ယောက်ျားလေးတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို တူးဖော်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ရာသီဥတုအခြေအနေကြောင့် မြေစာများကွဲအက်နေပြီး ကျောက်တူးဖော်နေစဉ်မြေစာများ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေအခြားဒေသခံတစ်ဦးက ပြောသည်။

“နွံကန်ပေါက်တာမဟုတ်ဘူး ကျင်းပြိုတာ တစ်ယောက်ကတစ်ခါတည်းပွဲချင်းပြီးသေတယ်။ နှစ်ယောက်က ဆေးရုံပို့ထားပြီ။ ကျင်းတူးတဲ့သူတွေဟုတ်တယ်” ဟုပြောသည်။

သေဆုံးသူနှင့်ပတ်သက်သည့်အခြားအချက်အလက်များ မသိရှိရပါ။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ အောင်စုကျော်ကျေးရွာအနီးတွင် မြေစာပြိုကျသဖြင့် လက်ကျင်းတူးနေသည့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

ဖားကန့်မြို့နယ် ကျောက်စိမ်းမှော်ရှိ လုပ်ကွက်များ နှစ်စဉ်မိုးရာသီတွင် မြေပြိုခြင်းများဖြစ်ပွားလေ့ရှိပြီး ၎င်းဖြစ်စဉ်ကြောင့် သေဆုံးသူများတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်ကြပြီး ရုပ်အလောင်းပြန်မတွေ့ဘဲ ပျောက်ဆုံးမှုများနှင့် ပိုင်ရှင်မဲ့ရုပ်အလောင်းများလည်း ပါရှိသည်။

မြေစာပြိုကျခြင်း၊ နွံကျပေါက်ကျခြင်းတို့ကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုမျာတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ဝှေခါမှော်ကျောက်စိမ်းလုပ်ကွက်ပြိုကျခြင်းကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးခဲ့ခြင်းမှာ အဆိုးဆုံးဖြစ်သည်။

သတင်း – Pe Ti
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ