မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စခန်းဝင်ရောက်တိုက်ခိုက်မည့်သတင်းပေါက်ကြားခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု Student’s Revolutionary Force (SRF)မှ တပ်မှူးက The 74 media ကိုပြောသည်။

“သတင်းကပေါက်ကြားသွားတယ်၊ ရန်သူဘက်ကလည်း အသင့်တော့စောင့်နေပါတယ်။ ဒါပေမဲ့ သူတို့ခင်းထားတဲ့ဗျူဟာနဲ့ ကျွန်တော်တို့ခင်းထားတဲ့ဗျူဟာမတူဘဲ ကျွန်တော်တို့ဦးသွားတာပေါ့ ခါးချိုးဝင်တိုက်လိုက်တဲ့သဘောပေါ့။ သူတို့စောင့်နေတဲ့လမ်းအတိုင်းမဝင်ဘဲ တခြားနေရာက ဝင်သိမ်းလိုက်တာပေါ့” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့နံနက် ငါးနာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့် သွားရောက်ပစ်ခတ်ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်အား ၂၀ ခန့်ရှိသော အဆိုပါစခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F) နှင့် Min Kin Local PDF Union တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး Carbine တစ်လက်၊ Carbine ကျည်ဘောက် သုံးခု၊ ကျည် (၂၅၉) တောင့်၊ 5.56 ကျည် ၄၀ တောင့်၊ 7.62 ကျည် ၃၃၀ တောင့်၊ BA63 ကျည်ဘောက် ၂ ခု၊ ရှေ့ထွက်မိုင်း သုံးလုံး၊ နင်းမိုင်း ခုနှစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ Drone Jammer တစ်ခုတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း SRF တပ်ဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

မင်းကင်းမြို့နယ်၊ ကူလဲ‌ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Dureng
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ