တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ဖမ်းဆီးသွားသည့် ပန်ရှောင် (BangShau) ကျေးရွာမှ အုပ်ချုပ်ရေးမှူး ငါးရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။

လားရှိုးမြို့မြောက်ဘက် မိုင်းယော်အနီးရှိ ပန်ရှောင် (BangShau) ကျေးရွာမှ အုပ်ချုပ်ရေးမှူးကို အကြောင်းပြချက်တစ်စုံတစ်ရာမပြောဘဲ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ညက နေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ညအချိန်ကြီးအိမ်မှာလာဖမ်းသွားတာတဲ့။ မိသားစုဝင်တွေ ဘာကြောင့်ဖမ်းတာ၊ အကျိုးအကြောင်းမေးပေမဲ့ မပြောပြဘူးတဲ့ အရမ်းမေးတော့မှ ကျွန်တော်တို့လည်းမသိဘူး အထက်ကခိုင်းလိုလုပ်တာလို့ပဲ ပြန်ပြောခဲ့တယ်တဲ့။ မိုင်းကျက် (Mungjet) ဘက်မှာဖမ်းထားတာတဲ့ နေ့တိုင်းမိသားစုဘက်ကသွားတွေ့ပေမဲ့ တွေ့ခွင့်မပေးဘူးတဲ့ ဖုန်းတောင်ပြောခွင့်မပေးဘူးတဲ့” ဟုပြောသည်။

လက်ရှိအချိန်တွင် အသက် ၄၆ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးရှလောလွမ်းဒိုင်ကို TNLA တပ်၏ မိုင်းကျက် (Mungjat) စခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ပန်ရှောင် (Bang Shau) ကျေးရွာရှိ စာသင်ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားမိဘများနှင့် ဆွေးနွေးတိုင်ပင်မှုအပြီး နောက်ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သောကြောင့် အချို့က ကျောင်းနှင့်သက်ဆိုင်သည်ဟု ပြောဆိုမှုများရှိနေကြောင်း ကျောင်းကော်မတီဝင်တစ်ဦးက ပြောသည်။

“အကျိုးအကြောင်းလည်းမပြောတော့ ဘယ်သူမဆိုကျောင်းကိစ္စကြောင့် ဖမ်းခံရတာပဲထင်ကုန်တာပေါ့။ စာသင်ကျောင်းကိစ္စနဲ့သာဆိုရင် ကျွန်တော်တို့ကိုလည်းပြောမှာ အခုကလာပြောတာမျိုးတွေမရှိဘူး။ ဒါပေမဲ့ ရွာလူကြီးတွေကိုလာပြောလားတော့မသိဘူး။ ဖမ်းထားတဲ့နေရာကို လိုက်သွားလည်း တွေ့ခွင့်မရဘူး စစ်ဆေးမေးမြန်းပြီးရင် ပြန်လွတ်ပေးမယ်ပဲပြောတာ တခြားဘာမှမပြောကြဘူး” ဟုပြောသည်။

အုပ်ချုပ်ရေးမှူး ဦးရှလောလွမ်းဒိုင် ဖမ်းဆီးခံထားရသည်မှာ ငါးရက်ခန့်ကြာမြင့်လာသော်လည်း ဖမ်းဆီးခံထားရသည့်အကြောင်းအရင်းကို မသိရကြောင်း ဒေသခံပြည်သူများကပြောသည်။

ပန်ရှောင် (Bang Shau) ကျေးရွာသည် KIO တပ်မဟာ ၁၀၊ တပ်ရင်း ၁၇ နယ်မြေရှိ အိမ်ခြေ ၂၀၀ ကျော်ရှိသော ကျေးရွာဖြစ်ပြီး လက်ရှိအုပ်ချုပ်ရေးမှူးဖမ်းဆီးခံထားရသော မိုင်းကျက်စခန်းနှင့် ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်သွားရသော အကွာအဝေးတွင်တည်ရှိသည်။

မိုင်းကျက်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိုဒေသကို ထိန်းချုပ်ထားကြောင်းသိရသည်။

သတင်း – Zami

ပုံ – ဖမ်းဆီးခံထားရသည့် အုပ်ချုပ်ရေးမှူး ဦးရှလောလွမ်းဒိုင်

သင့်ထင်မြင်ချက်ရေးပေးပါ