မိုးရွာသွန်းမှုကြောင့် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ တောင်ပြိုကျေးရွာအနီး ရေမဆေးကျောက်ရှာသူတစ်ဦး ကမ်းပါးပေါ်မှပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ပိုင်ဖြိုးသီဟကုမ္ပဏီမြေစာပုံအနီး ကျောက်ရှာဖွေနေစဉ် ကမ်းပါးပြိုကျလာသောကြောင့် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု တောင်ပြိုကျေးရွာနေ ရေမဆေးသမားတစ်ဦးက The 74 Media ကိုပြောသည်။

“သူကကမ်းပါးမှာကျောက်ရှာတာလေ၊ မိုးကလည်းရွာနေတော့ ကမ်းပါးပြိုကျပြီး လူပါအောက်ကိုကျသွားတယ်လို့ပြောတယ်။ တစ်ခါတည်းပွဲချင်းပြီးဆုံးတယ် ကျောက်ခဲတွေက လူကိုဖို့သွားသလိုတောင် ဖြစ်သွားတာဟုတ်တယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၀ ခန့်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ရှရော်ခကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရှရော်ခကျေးရွာနေ အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးကပြောသည်။

“အလောင်းကခေါင်းမှာလည်းထိထားတယ်။ ကမ်းပါးပြိုကျပြီး မျောကြောင်းရေစီးနဲ့အတူပါလာခဲ့တာ။ နာမည်တော့ မသိရသေးဘူး။ အလောင်းကိုတော့ လာသယ်သွားကြပြီ” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း မှော်စီစာအုပ်စု၊ သာယာကုန်းကျေးရွာတွင် လက်ကျင်းပြိုကျခဲ့သောကြောင့် ကျောက်တူးဖော်နေသူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းမိုးရွာသွန်းသောကြောင့် ဖားပြင်ကျေးရွာအနီးရှိ မြေစာပုံဈေးတန်းများ ရေမြုပ်သွားခဲ့ပြီး၊ ဆိုင်းတောင်ကျေးရွာအနီးရှိ စပေါ့ကျေးရွာသွားလမ်းမှာလည်း မြေပြိုကျခဲ့သည်။

နှစ်စဉ်မိုးရာသီတွင် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းမှော်လုပ်ကွက်များအတွင်း မြေပြိုခြင်းနှင့် နွံကန်ပေါက်ကျခြင်းတို့ကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုမျာဖြစ်ပေါ်လေ့ရှိသည်။

သတင်း – Pe Ti
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ