မြစ်ကြီးနားမြို့မှ ဟိုကပ်ရေကြည်သို့သွားသောလမ်းကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျင်းတူးကာ ဖြတ်သန်းသွားလာမရအောင် ဖျက်ဆီးခဲ့ပြီးနောက် ယနေ့နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာနှင့် ဖရောကျေးရွာကြားရှိလမ်းကို ကန့်လန့်ဖြတ်ကာ မြောင်းတူးထားခြင်း ဖြစ်ပြီး ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်နေရသည်ဟု မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“လမ်းပိတ်သွားပြီဆိုတဲ့သတင်းကြားပေမဲ့ သွားလိုက်တော့ ညနေအထိကိုသွားပိတ်မိနေတာ။ တူးထားတာက အနက်ကြီး တစ်ခုခု ခုပြီးသွားလို့ရတဲ့အခြေအနေလည်းမဟုတ်ဘူး။ ဆိုင်ကယ်တွေတော့ ဖြတ်လို့ရပေမဲ့ ကားတွေဖြတ်လို့မရလို့ ပြည်သူတွေလမ်းပြန်တူးယူနေကြရတာ” ဟုပြောသည်။

အကျဲကျေးရွာရှိ စစ်ကောင်စီဂိတ်ကလည်း ကားများကို စစ်ဆေးမှုတင်းကြပ်နေကြောင်း သူကပြောသည်။

လက်ရှိမြေတူးထားသည့်နေရာမှာ အကျဲကျေးရွာနှင့် တစ်မိုင်ခန့်အကွာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းတို့နှင့် ရှစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး လူတစ်ရပ်ခန့်အနက်ရှိကာ အကျယ်ငါးပေခန့် ရှိကြောင်း သိရသည်။

လမ်းမပျက်စီးမီ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က အကျဲကျေးရွာအနီးရှိ ချောင်းကိုဖြတ်ကူးကာ ဖရောကျေးရွာသို့ထွက်ခွာသွားပြီးနောက် လမ်းဖျက်ဆီးခံရသည့်သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ရွာနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးကပြောသည်။

“အကျဲရွာအပြင်ဘက်က ဖြတ်လို့မရတဲ့ရေချောင်းတစ်ခုကနေ ဖရောဘက်ကိုအတင်းဖြတ်သွားကြပြီးနောက် သိပ်မကြာဘူး လမ်းတူးလိုက်တဲ့သတင်းထွက်လာပြီ။ ဒီတလောအကျဲရွာအတွင်းဘက်မှာ သူတို့ဘက်က နေရာယူဖို့လည်းရှိနေတယ်လို့ ကြားနေတယ်” ဟုပြောသည်။

အဆိုပါနေရာတွင် ယနေ့မွန်းလွှဲ ၁၂ နာရီခွဲခန့်က KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်း အကျဲကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းခြင်း၊ လှုပ်ရှားသွားလာခြင်းနှင့် လက်နက်ကြီးပစ်ခတ်သံများ မကြာခဏထွက်ပေါ်နေခြင်းတို့ကြောင့် ဒေသခံအချို့ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ရေးတင်းမာသောနေရာများတွင် ယခုကဲ့သို့လမ်းများကို မြေတူးကာ ဖျက်ဆီးခြင်းနှင့် တံတားများကိုမိုင်းခွဲဖျက်ဆီးမှုများပြုလုပ်လေ့ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကအင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့က နန့်ရင်းကျေးရွာလမ်းကိုဘက်ဟိုးဖြင့် အနက် ၈ ပေခန့်ရှိသည့် ကျင်းများတူးကာ ဖျက်ဆီးခဲ့သည်။

ထို့အပြင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် ဝိုင်းမော်မြို့နယ်နှင့် မံစီမြို့နယ်ရှိ တံတားအချို့ကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ