စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သောတစ်လအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ကိုးဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းအပြင် ကျေးရွာအတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လူသေတာက ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ အဝေးကနေလှမ်းထုလို့ဟုတ်တယ်။ ညသန်းခေါင်ကြီးဆိုလည်းပစ်တာပဲ၊ ပစ်ချင်တဲ့အချိန်ပစ်တာ။ ဂျက်ဖိုက်တာတွေလည်းလာပါတယ်။ သူတို့ကရမ်းပြီးပစ်နေတာ စစ်ရေးပစ်မှတ်ကိုမထိနိုင်ဘူး ပြည်သူတွေရဲ့ နေအိမ်တွေပဲပျက်စီးတာ၊ ပြည်သူတွေပဲသေဆုံးတာ” ဟုပြောသည်။

ပုံ – ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က ဝိုင်းမော်မြို၊ အမှတ်(၁)ရပ်ကွက် လမ်းသွယ် – ၁၃ တွင် ကျရောက်ပေါက်ကွဲခဲ့သည့်လက်နက်ကြီးကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦး

ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများတွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ခတ်ချိုကျေးရွာ၊ ကွက်သစ်ရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှုမှာ အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ခြောက်ဦးမှာပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးတစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေချိန်အတွင်း ထပ်မံသေဆုံးသွားခဲ့ကြောင်း မွန်မြတ်စေတနာ လူမှုညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲ့ဖြစ်စဉ်ကတော့ လက်နက်ကြီးကျည်ကျတာပဲလေ။ ခြောက်ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားပြီး တစ်ဦးကတော့ မြစ်ကြီးနားဆေးရုံရောက်ပြီးမှဆုံးသွားတာ နောက်တစ်နေ့ပေါ့။ ဆေးရုံရောက်တာလည်း မိသားစုနှစ်စုဆိုတော့ နည်းနည်းတော့များတယ်။ အဲ့ဖြစ်စဉ်ကတော့ အသေအပျောက်များတဲ့ အဆိုးဆုံးဖြစ်စဉ်ပေါ့” ဟုပြောသည်။

သေဆုံးခဲ့သူကိုးဦးမှာ ခတ်ချိုကျေးရွာမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး၊ ဝိုင်းမော်မြို့အမှတ်(၁)ရပ်ကွက်မှ အမျိုးသမီးတစ်ဦးနှင့် နောင်တာလောကျေးရွာမှ ဘာသာရေးဆရာတစ်ဦးတို့ဖြစ်သည်။

ထိုခိုက်ဒဏ်ရာရရှိသူများတွင်လည်း ခတ်ချိုကျေးရွာမှ အများဆုံးဖြစ်ပြီး နောင်တာလောကျေးရွာနှင့် မိုင်းနားကျေးရွာအုပ်စုရှိ ငှက်ပျောခြံမှပြည်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းအပြင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ကဇူးယန်ကျေးရွာနှင့် ဒဘက်ကျေးရွာမှ စစ်ရှောင်ပြည်သူများ စီးနင်းလိုက်ပါလာသောကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခါးရှီကျေးရွာအနီးတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ပြည်သူ ၂၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲအတွင်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် လမြန်ကျေးရွာနှစ်ခြင်းဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးမှုများလည်းများစွာရှိသည်။

ယခုဖော်ပြထားသည့် အချက်အလက်များမှာ The 74 Media က စုစည်းထားသောအချက်အလက်များနှင့် လူမှုကူညီရေးအသင်းများထံမှရရှိသော အချက်အလက်များအပေါ်အခြေခံကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများနိုင်သည်။

ဝိုင်းမော်မြို့အပြင်ရှိ ကျေးရွာများမှ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဝိုင်းမော် – ဝါးရှောင်လမ်းပေါ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်သည်။

သတင်း – Dureng
ဓာတ်ပုံ – မွန်မြတ်စေတနာ FB Page

သင့်ထင်မြင်ချက်ရေးပေးပါ