အဖြူအစိမ်းမဝတ်သည့်ကျောင်းသားများကို ဒဏ်ကြေးကောက်ခံနေသောကြောင့် အင်ဂန်းကျေးရွာရှိ စစ်ရှောင်စခန်းမှ စစ်ရှောင်ကလေးများ ကျောင်းဝတ်စုံအကူအညီလိုအပ်နေကြောင်း သိရသည်။

ကျောင်းတွင် ပညာသင်ယူခွင့်ပေးသည်ကို ကျေးဇူးတင်သော်လည်း စာသင်ခန်းအတွင်းသို့ ကျောင်းဝတ်စုံဝတ်ဆင်လာခြင်းမရှိသည့်ကျောင်းသားများကို ဒဏ်ကြေးကောက်ခံသည့်စည်ကမ်းကို ပြင်ပေးစေလိုသည်ဟု စစ်ရှောင်ကျောင်းသားမိခင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျောင်းစိမ်းကျောင်းဖြူမယူလာနိုင်တော့ ရတဲ့အဖြူအစိမ်းကိုပဲကောင်းကောင်းဝတ်ပြီး သွားခိုင်းနေရတယ်။ ကျွန်မတို့အမြင်နဲ့ပြောရရင်က ဝတ်လာကြပါလို့ပြောရင်ရပြီလေ အဲ့လိုဒဏ်ရိုက်တာက ရွာသားတွေအတွက်လည်းမကောင်းဘူး၊ စစ်ရှောင်တွေအတွက်လည်း မကောင်းဘူးလေ။ စစ်ရှောင်တွေဖြစ်လို့နားလည်ပေးစေချင်တယ် တချို့ကလေးတွေက တကယ်မရှိလို့ မဝတ်တာဟုတ်တယ်” ဟုပြောသည်။

အဆိုပါစစ်ရှောင်စခန်းတွင် မူလတန်းကြိုကျောင်းသားအရွယ်မှ အထက်တန်းအထိ ကျောင်းသား ၁၉၀ ခန့်ရှိပြီး အင်ဂန်းကျေးရွာ အ.လ.က ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေကြခြင်းဖြစ်သည်။

(၁၀) တန်းနှင့် (၁၁) တန်းကျောင်းသားများကို နောင်ဟီးကျေးရွာ အ.ထ.က ခွဲကျောင်းမှ ဆရာ၊ ဆရာမများက အင်ဂန်းကျေးရွာကျောင်းတွင် လာရောက်သင်ကြားပေးနေပြီး ဒေသခံကျောင်းသားများနှင့် စစ်ရှောင်ကျောင်းသား စုစုပေါင်း ၃၀၀ ခန့်ရှိကြောင်း သိရသည်။

ကျောင်းသုံးစာရေးကိရိယာများအပြင် သင်ထောက်ကူပစ္စည်းများလည်း လိုအပ်နေဆဲဖြစ်ကြောင်း ကျောင်းသားမိဘအချို့ထံက သိရသည်။

ကျောင်းမှာ စစ်ရှောင်စခန်းနှင့် ၁၀ မိနစ်ခန့်လမ်းလျှောက်သွားရသောအကွာအဝေးတွင်တည်ရှိပြီး မိုးရာသီဖြစ်သောကြောင့် ကျောင်းသားများအတွက် မိုးကာအင်္ကျီများလည်း လိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးကပြောသည်။

“ဘာမှမယူလာဘူး လူလွတ်ပဲထွက်ပြေးလာတော့ အခုကမိုးရာသီဆိုတော့ အခက်အခဲက မျိုးစုံရှိနေတယ်။ ကလေးတွေက ထီးဆိုရင်မဆောင်းတတ် ဂရုမစိုက်တတ်တော့ မိုးကာတွေ လိုအပ်နေတယ်။ နောင်းဟီးကျောင်းဖွင့်လို့မရတော့ အဲ့ကဆရာမတွေကဒီမှာ မြို့နယ်ပညာရေးမူးရဲ့ခွင့်ပြုချက်နဲ့ ပြန်သင်နေတယ်” ဟုပြောသည်။

စစ်ရှောင်ကျောင်းသားကျောင်းသူများအတွက် ကူညီလိုသူများအနေဖြင့် စစ်ရှောင်တာဝန်ခံ၏ ဖုန်းနံပါတ် ၀၉၄၀၀၀၅၉၂၅၉ ကိုဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

လက်ရှိအချိန် အင်ဂန်းကျေးရွာဘုရားကျောင်းဝန်းထဲတွင် နောင်းဟီကျေးရွာမှစစ်ရှောင်ပြည်သူ ၉၀၀ ကျော်ခန့်နေထိုင်နေပြီး လာမည့် ဇွန်လ ၂၁ ရက်နေ့တွင် နေရာအသစ်သို့ ထပ်မံပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။

နောင်းဟီကျေးရွာဒေသခံများသည် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့မှစတင်ကာ အင်ဂန်းကျေးရွာကို စစ်ရှောင်လာခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း စစ်ရှောင်ပြည်သူများအတွက် အကူအညီများလိုအပ်နေချိန် မတ်လ ၇ ရက်နေ့ကစတင်ခဲ့သည့် KIA ပူးပေါင်းတပ်၏ ထိုးစစ်ကြောင့် စစ်ရှောင်ဦးရေထပ်မံတိုးလာနေပြီး လူသားချင်းစာနာမှုအကူအညီများ ယခင်ကထက်ပိုမိုလိုအပ်လာနေခြင်းဖြစ်သည်။

 

သတင်း – Doi Awng

ပုံ – မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတစ်ခုမှ ကျောင်းသားများ

သင့်ထင်မြင်ချက်ရေးပေးပါ