စစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းတွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားများ၏ မိဘများကို ရွှေကူ KPDF က ခေါ်ယူအပြစ်ပေးအရေးယူမှုများရှိနေကြောင်း သိရသည်။

ရွှေကူမြို့ အစိုးရကျောင်းတွင်ကျောင်းအပ်ထားသည့် နောင်လတ်ကြီးကျေးရွာအုပ်စုမှ ကျောင်သားမိဘများကို ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်က KPDF တပ်ဖွဲ့ဝင်များက ခေါ်ယူကာ ကြိမ်ဒဏ်နှင့်ငွေဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“လူကြီးတွေလာတယ်ဆိုပြီးခေါ်ပြီးတော့ ရိုက်ပြီးခြောက်ပေါက်ထဲထည့်တယ်။ ဒုတ်နဲ့ငါးချက်ရိုက်တယ် ဒဏ်ငွေဆောင်ရတယ်။ အစကငါးသောင်းတောင်းတယ် သုံးသောင်းနဲ့ပြန်ညှိပြီးပေးရတယ်” ဟုပြောသည်။

ခေါ်ယူခံရသည့် ကျောင်းသားမိဘ ၈ ဦးမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဒုတ်ဖြင့်ရိုက်ခံခဲ့ရပြီး အမျိုးသားသုံးဦးကို ခြောက်ပေါက်တွင် နှစ်နာရီခွဲခန့်ကြာထည့်ထားခဲ့ကြောင်း သိရသည်။

ကျောင်းသားမိဘများကို ဒဏ်ရိုက်ခဲ့သည့်အပြင် ကျောင်းမထွက်ပါက ရွာမှအပြီးထွက်သွားရန် ပြောဆိုခဲ့ကြောင်း သူကဆက်ပြောသည်။

“မြို့ကိုကျောင်းပို့တာ ဒီရွာမှာဆယ်ယောက်လောက်ပဲရှိတယ်။ မြို့မှာနေမယ်ဆိုရင် ရွာကိုမပြန်ရဘူး ကျောင်းသားနဲ့မိဘမြို့မှာနေ အမျိုးသားဖြစ်သူက အခင်းပဲလုပ်ပေး ဟိုဘက်ကလည်း မတွေ့ရဘူး။ ဒီဘက်ကလည်းမတွေ့ရဘူးလို့ပြောတယ်။ မြို့မှာတက်မယ်ဆိုရင် ရွာကနေအပြီးထွက်သွားရမယ်လို့ ပြောတယ်” ဟုပြောသည်။

ရွှေကူ KPDF တပ်ဖွဲ့ဝင်များက ထိုသို့ဒဏ်ရိုက်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် အတန်းငယ်အချို့ ကျောင်းထွက်ပြီး ဒေသခံအချို့မြို့သို့ပြောင်းရွှေ့သွားကြောင်း ဒေသခံအချို့၏ပြောပြချက်အရ သိရသည်။

အတန်းပညာနောက်ကျမည်ကို စိုးရိမ်သောကြောင့်မြို့ပေါ်တွင် ကျောင်းအပ်နှံခဲ့သော်လည်း လက်ရှိအချိန်တွင် အခက်တွေ့နေကြောင်း ဖြစ်စဉ်ကိုအသေးစိတ်သိရှိသည့်အမျိုးသားတစ်ဦးက ပြောသည်။

“ကျောင်းကနေထွက်မယ်ဆိုရင်လည်း ကလေးတွေရဲ့ပညာရေးအတွက်ပြန်စိုးရိမ်။ တချို့က ဘော်ဒါဆောင်မှာ ပိုက်ဆံတွေလည်းသွင်းထားတော့စိုးရိမ်နေကြတယ်။ ကျောင်းဝတ်စုံတွေကအစ စာအုပ်တွေအားလုံးဝယ်ထားလိုက်တော့ ကျောင်းထွက်ရရင် မိဘတွေကလည်းစိတ်မကောင်း၊ ကလေးတွေလည်း ပညာမတတ်သွားမှာကိုလည်း စိုးရိမ်နေကြတယ်။ ဒီဘက်ကလည်း မထွက်ရင် ရွာကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အပြီးသိမ်းမယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်တဲ့” ဟုပြောသည်။

လက်ရှိအချိန် အဆိုပါနယ်မြေတွင် PDF များအနေဖြင့် ဆရာမများငှားရမ်းကာ ပညာသင်ပေးနေသော်လည်း ကျောင်းသားမိဘများက မထားလိုကြောင်းနှင့် ယခုကဲ့သို့သောလုပ်ရပ်မှာ အာဏာရှင်ဆန်သည်ဟု သူကဆက်ပြောသည်။

“KIO အနေနဲ့ ကျောင်းကိုကောင်းကောင်းလေးဖွင့်ထားနိုင်ရင်တော့ အဲ့မှာတက်လို့ရသေးတယ်။ အခုက PDF တွေအနေနဲ့ ရွာတွေမှာဆရာမတွေငှားပြီးသင်ပေးတာပဲရှိတယ်။ အဲ့လိုဆိုတော့ တချို့ကျောင်းသားမိဘတွေက မထားချင်ကြဘူးလေ။ ပညာရေးနဲ့ပတ်သက်ပြီး အခုလိုလုပ်တာက အရမ်းကြီးစောလွန်းသေးတယ်လို့မြင်တယ်။ KIA အနေနဲ့ အခုလိုပြည်သူတွေကိုမထိရဘူးလို့ စည်းကမ်းတွေရှိပြီးသား သူတို့အခုလိုလုပ်တော့ တော်တော်လေးမကောင်းဘူးပေါ့။ KIA ရဲ့ပုံရိပ်လည်း ကျတာပေါ့” ဟုပြောသည်။

အဆိုပါဖြစ်စဉ်ကို အထက်မှတာဝန်ယူဖြေရှင်းပေးမည်ဟု ပြောသော်လည်းလက်ရှိအချိန်ထိ ဖြေရှင်းပေးခြင်းမရှိသေးကြောင်းနှင့် တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရွှေကူ KPDF ပြောရေးဆိုခွင့်ရှိသူကို The 74 Media က ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်ကို မသိသေးကြောင်း ပြောသည်။

“မသိသေးဘူးဟုတ်တယ်။ ခရီးကနေမနေ့ကပဲပြန်ရောက်ခဲ့တယ်ဆိုတော့၊ ကျွန်တော်ဖုန်းဆက်ပြီးတော့ သတင်းလှမ်းမေးလိုက်အုံးမယ်လေနော်။ ပြီးလို့ရှိရင်ပြန်ပြောပေးမယ်လေ” ဟုပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

အဆိုပါ ရွှေကူ KPDF များသည် ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း (၁၂) နယ်မြေရှိ မံဝန်းလေးကျေးရွာတစ်လျှောက်လှုပ်ရှားသွားလာနေသည့် တပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်း KPDF များအနေဖြင့် စိုးမိုးနယ်မြေရှိသော်လည်း မြို့အတွင်းတွင် စစ်ကောင်စီယန္တရားလည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ