ပူတာအိုခရိုင်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်နေပြီး လိုင်းရရှိသော ဖုန်းကတ်များလည်း ဝယ်ယူရန်ခက်ခဲနေသောကြောင်း ဒေသခံများထံကသိရသည်။

တစ်မြို့နယ်လုံးတွင် MEC (CDMA) ဖုန်းလိုင်းသာရရှိနေခြင်းဖြစ်သော်လည်း ဖုန်းကတ်များဝယ်ယူရန်ခက်ခဲနေသည်ဟု လယ်ယာလုပ်ကိုင်သူ ပူတာအိုဒေသခံအမျိုးသားတစ်ဦးက The 74 Media ပြောသည်။

“ပူတာအိုမှာက စားနပ်ရိက္ခာကပြတ်၊ ဖုန်းလိုင်းကပြတ်နဲ့ တော်တော်ဒုက္ခရောက်နေတယ်၊ ပုံမှန်သုံးနေကျ ဘာဖုန်းလိုင်းမှမရတော့ဘူးလေ။ MEC ကတ်ပဲရတယ် ရောင်းတာမရှိဘူး မြစ်ကြီးနားကဝယ်တာ လေယာဉ်နဲ့တစ်ဆင့်လေ။ အဲ့ကဒ်လည်း ဖုန်းတိုင်းမှာမရဘူး Mi ဖုန်းတွေမှာပဲရတယ်” ဟုပြောသည်။

MEC ဖုန်းကတ်မှာ လက်ရှိမြစ်ကြီးနားမြို့တွင် တစ်ကဒ်လျှင်လေးသောင်းကျပ်ခန့်ရှိပြီး ပူတာအိုမြို့တွင် ခြောက်သောင်းခွဲခန့်ပေးဝယ်ရကြောင်း သိရသည်။

ဖုန်းလိုင်းပြတ်ရခြင်းအကြောင်းအရင်းမှာ ဖုန်းတာဝါတိုင်များလည်ပတ်နိုင်ရန်အတွက် စက်သုံးဆီပြတ်လပ်နေခြင်းနှင့် လျှပ်စစ်မီးပုံမှန်မရခြင်းကြောင့်ဖြစ်သည်ဟု ဖုန်းတာဝါတိုင်နှင့် နီးစပ်သူများထံမှ သိရသည်။

ကုန်ဈေးနှုန်းအဆမတန်မြှင့်တက်နေသည့်အပြင် ဖုန်းလိုင်းများပြတ်တောက်နေသောကြောင့် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေသောကြောင့် စားဝတ်နေရေးအတွက် စိတ်ပူနေရသည်ဟု ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် ပူတာအိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းတွေက ဆယ်ဆလောက်တက်နေတော့ အိမ်ကလူတွေ ဘယ်လိုနေလဲ၊ ဘယ်လိုစားလဲ၊ စားဝတ်နေရေးအဆင်ပြေလာ၊ နေကောင်းကျန်းမာကြလား အရမ်းစိတ်ပူတယ်။ ကျွန်မလိုပဲ သူငယ်ချင်းတွေလည်း အိမ်နဲ့အဆက်အသွယ်မရကြလို့ စိတ်ပူနေတယ်။ လကုန်ရင်တော့ အိမ်ကိုငွေလွှဲကြတာ တချို့တွေလည်း ဒီကနေလွှဲပေးတဲ့ပိုက်ဆံနဲ့ပဲ စားဝတ်နေရေးအတွက်သုံးတာတဲ့ အခုကသုံးဖို့ရှိလား စိတ်ပူပြီးညအိပ်လို့တောင်မပျော်ဘူး” ဟုပြောသည်။

မြစ်ကြီးနား – ပူတာအိုလမ်းပြန်ဖွင့်ပြီး ကုန်ကားများရောက်ရှိလာသော်လည်း စားသောက်ကုန်များမှာ လောက်ငှခြင်းမရှိဘဲ ပြတ်လပ်နေဆဲဖြစ်ကြောင်းနှင့် အဆိုပါလမ်းပိုင်းတွင် ယခုရက်ပိုင်း မိုးရွာသောကြောင့် မြေပြိုကာလမ်းပိတ်နေကြောင်း သိရသည်။

ပူတာအိုမြို့တွင် MPT နှင့် Mytel ဖုန်းလိုင်းများပြတ်တောက်နေသည်မှာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်ပြီး Ooredoo နှင့် Telenor ဖုန်းလိုင်းများမှာ ဇွန်လဒုတိယပတ်မှ စတင်ကာ ပြတ်တောက်နေခြင်းဖြစ်သည်။

မြစ်ကြီးနား – ပူတာအိုလမ်းကြောကို တိုက်ပွဲကြောင့် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ သွားလာခွင့်ပိတ်လိုက်ခြင်းဖြစ်ပြီး ဇွန်လ ၈ ရက်နေ့ကစ ကုန်တင်ကားများ အကန့်အသတ်ဖြင့် သွားလာခွင့်ရသော်လည်း ပူတာအိုတွေ ကုန်ဈေးနှုန်း သိသာစွာလျော့ကျခြင်းမရှိသောကြောင့် ဒေသခံများက အကန့်အသတ်မရှိ အမြန်ဆုံးဖွင့်ပေးစေလိုကြောင်း သိရသည်။

 

သတင်း – Dureng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ