ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးတွင် ယနေ့နံနက် ၁ နာရီခန့်က မြေရှာသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခု မြေပြိုကျရာ လူ ၃၀ ထက်မနည်းပျောက်ဆုံးနေကြောင်း သိရသည်။

ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းနေခဲ့သဖြင့် သန်းခေါင်ယံအချိန်တွင် ငိလော့ကျေးရွာရှိ သတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခု မြေပြိုကျခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“အကုန်ပါသွားတာ၊ သတ္တုအစိမ်းတွေယူလာရင်ဖုတ်ပေးတဲ့ သတ္တုဖိုအထိပါသွားတယ်။ အဲ့သတ္တုဖိုနားမှာ သတ္တုဆိုက်ရှိတယ် အဲ့ဆိုက်ပြိုကျလို့အကုန်ပါသွားတာ။ ဒီဘက် မိုးလည်းအခုချိန်ထိအရမ်းရွာနေတုန်းပဲ။ အခုမြေပြိုတဲ့ဆိုက်ထဲကိုဝင်ဖို့ဆိုရင် ဓာတ်ပုံတွေရိုက်ခွင့်မပြုတဲ့အပြင် ဖုန်းလုံးဝယူဝင်ခွင့်မပြုဘူး” ဟုပြောသည်။

လက်ရှိအချိန်ထိ တရုတ်လူမျိုးအမျိုးသားတစ်ဦး၏ရုပ်အလောင်းနှင့် ထမင်းချက်သည့်အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတို့ကို တွေ့ရှိထားပြီး ကလေးငယ်တစ်ဦးအပါအဝင် ပျောက်ဆုံးနေသူ ၃၀ ခန့်ရှိကြောင်း သူကပြောသည်။

လက်ရှိအချိန်တွင်လည်း မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန် အခက်အခဲများရှိနေကြောင်း သိရသည်။

အဆိုပါနေရာသည် စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနှင့် ဦးဘောမ့်လန်းတို့၏ မြေရှားသတ္တုလုပ်ကွက်ဖြစ်ပြီး အနီးတွင်လည်း စစ်လေ့ကျင့်ရေးကွင်းရှိကြောင်း ပန်ဝါဒေသခံများ၏ပြောပြချက်အရ သိရသည်။

ပျောက်ဆုံးနေသူများမှ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ရုပ်အလောင်းကို တူးဖော်ရရှိထားကြောင်း နောက်ဆုံးသတင်းရရှိထားသော်လည်း ၎င်းတို့နှင့်ပတ်သက်သောအချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ချီဖွေ၊ ပန်ဝါဒေသတွင် ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် မြေရှားသတ္တုလုပ်ကွက်များတွင် မကြာခဏမြေပြိုမှုများဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့ကလည်း ဒေသအခေါ် အမှတ် (၃) လုပ်ကွက် မြေပြိုသောကြောင့် သတ္တုတူးဖော်ရေးလုပ်သားများနှင့် ဈေးသည်တစ်ဦး အပါအဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ