ဝိုင်းမော် – ဝါးရှောင်လမ်းပေါ်တွင် ယခုရက်ပိုင်း KIA ပူပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဆက်လက်စစ်ရေးတင်းမာနေကြောင်း သိရသည်။

ဝူယန်ပြည်သူ့စစ်တပ်စခန်းအနီးတဝိုက်နှင့် မုတ်ကြိတ်ကျေးရွာအနီးတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ဟု မုတ်ကြိတ်ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အစကတော့ ရွာအဝင်အထွက်တွေရှိပေမဲ့ ဒီတလောတော့ အရမ်းဆိုးလာလို့အိမ်ကိုလုံးဝမပြန်တာ တစ်ပတ်ရှိပြီ။ ဝူယန်မှာပြည်သူ့စစ်စခန်းရှိတော့ အဲ့နားတစ်ဝိုက်က ခဏခဏကိုတိုက်ပွဲဖြစ်လာနေတယ်။ မနေ့မနက်ပိုင်းကစပြီး မုတ်ကြိတ်မှာက ရွာထဲမှာကိုဖြစ်ကြတယ်။ အခုချိန်ထိဖြစ်လိုက် ပြန်ငြိမ်လိုက်နဲ့ ဆက်တိုက်ဖြစ်နေတယ်” ဟု ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်ကလည်း ဝိုင်းမော်မြို့သို့ ညစဉ်လက်နက်ကြီးများဖြင့် ပစ်ကူနေသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်များ၏ရုပ်အလောင်း ကောက်ယူလိုသောကြောင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်ကအလောင်းတွေတော်တော်လေးများတော့ အဲ့တာတွေသွားကောက်ဖို့တောင်မရှိသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း သွားမြုပ်ပေးတာမရှိသေးတော့။ ဒီမနက် သူတို့အလောင်းတွေ သွားကောက်ချင်တာနေမှာ စစ်ရေးပြန်လှုပ်ရှားလာတယ်။ သူတို့လှုပ်ရှားလာတော့ တိုက်ပွဲလည်းပြန်ဖြစ်တယ်” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာနှင့် မုတ်ကြိတ်ကျေးရွာတွင့် နေအိမ်ထိခိုက်ပျက်စီးမှုများစွာရှိနေပြီး သေဆုံးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းသယ်ယူနေသည်ကိုတွေ့ဟု ယာဉ်မောင်းတစ်ဦးကပြောပြကြောင်း အခြားယာဉ်မောင်းတစ်ဦးက ပြောသည်။

“လမြန်နဲ့ဝူယန်ကြားမှာ ကားတွေဖြတ်လာတဲ့အချိန်ပြောပြတာ။ အဲ့ချိန်ကတိုက်ပွဲမဖြစ်ဘူး။ စစ်ကောင်စီအလောင်းတွေ သယ်နေတာတွေ့လိုက်တယ်။ ဘယ်အချိန်ကတည်းကဖြစ်ထားတဲ့တိုက်ပွဲတွေလဲ မသိဘူး။ အလောင်းကသယ်နေတာတွေ့လိုက်တယ်တဲ့” ဟုဆိုသည်။

ဝိုင်းမော်မြို့နယ်တွင် စစ်ရေးတင်းမာနေသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုအပြင် ဒရုန်းနှင့်လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့တွင်လည်း ဝူယန်ကျေးရွာအုပ်စု လမြန်ကျေးရွာရှိ ခါနန်နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုရားကျောင်းထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသည့် ဝိုင်းမော်မြို့နယ်တွင် တစ်လအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ကိုးဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Zami, Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ