စစ်ကိုင်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဘဏ်ဓားပြတိုက်သည်ဟု စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါအဖွဲ့အမည်မှာ စစ်ကိုင်းမြို့တွင်မရှိကြောင်း သိရသည်။

နာမည်ဖျက်လိုသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိမ်းဆည်းရမိသည့် လက်နက်များကိုအသုံးပြုကာ လုပ်ဇာတ်ဖန်တီးခြင်းဖြစ်ပြီး ကားလေးဟူသောအဖွဲ့မှာ မရှိကြောင်း နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ 

“ဒီဘက်က အဖွဲ့အစည်းတွေနဲ့တော့ရင်းနှီးတယ် သူတို့တင်ထားတဲ့ ကားလေးအဖွဲ့ဆိုတာတော့ မရှိဘူးဗျာ။ တခြားနာမည်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့ရဲ့နာမည်သုံးထားရင်တော့ မဟုတ်ဘူးဆိုတဲ့အကြောင်း ပြန်ဖြေရှင်းမှာလေ အဲ့တာကိုအသုံးချတာလည်း ဖြစ်နိုင်တယ်ဗျာ။ မနေ့ကဆိုမြို့ပေါ်မှာ သူတို့လှည့်ကင်းရှိတယ် လမ်းတွေမှာလည်းရဲရှိမယ်၊ စစ်သားတွေရှိမယ် အစုံရှိတဲ့နေရာ ဝင်ကပ်ဖို့ဆိုမဖြစ်နိုင်ဘူး” ဟုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ များကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း သူကပြောသည်။

ပန်းပဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်တွင် ယမန်နေ့ညနေ လေးနာရီခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ကားလေးအဖွဲ့ဆိုသည့် PDF တပ်ဖွဲ့ဝင်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး ငွေကျပ်သိန်းသုံးထောင်ကျော် ဓားပြတိုက်သွားကြောင်း ရေးသားဖော်ပြခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိုကဲ့သို့သောလုပ်ရပ်မျိုးကို ကျူးလွန်မည်မဟုတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သူများကိုပုတ်ခတ်ချင်တယ်၊ စွပ်စွဲချင်တယ်၊ ပုံဖျက်ချင်တယ် ဒါပေမဲ့ လည်တော့လည်တယ် တစ်ပတ်မပြည့်ဘူး။ အခုချိန်မှာက မြို့လယ်ထဲကဘဏ်ကိုဓားပြတိုက်တယ်ဆိုတာ PDF တွေ ဒါမျိုးလည်းမလုပ်ဘူး။ သူတို့(စစ်ကောင်စီ)တွေက ပြည်သူတွေကိုလည်းသတ် PDF ဝတ်စုံတွေ ဝတ်ပေးပြီး PDF လို့ပြောတာနဲ့ ဒီကောင်တွေနဲ့ကမလွယ်ဘူး” ဟုပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သောကြောင့် မြို့ပေါ်နေရာတိုင်းတွင် စစ်ကောင်စီတပ်က လုံးခြုံရေးများတင်းကြပ်ထားချိန် ဘဏ်ဓားပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓားပြမှုကျူးလွန်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး လက်လုပ်ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ကိုးတောင့်၊ ၅.၅၆ ကျည် ငါးတောင့်၊ ဖုန်းနှစ်လုံး၊ လက်လုပ်လက်ပစ်ဗုံး တစ်လုံးနှင့် ဆိုင်ကယ် နှစ်စီးတို့ကို သိမ်းဆည်းရမိပြီး ဓားပြတိုက်ခဲ့သည့် ငွေများကိုလည်း ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ခုနှစ်ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်အတွင်း သေနတ်ကိုင်ဓားပြတိုက်နေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ပြီးနောက် PDF တပ်ဖွဲ့ဝင်များဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက်အထိ ဓားပြတိုက်မှုဖြစ်စဥ်ပေါင်း တစ်ရာကျော်ခန့် ဖြစ်ပွားခဲ့ပြီး ဓားပြတိုက် သတ်ဖြတ်သောကြာင့် သေဆုံးသူ  ၂၀ ကျော်ခန့်ရှိကြောင်း  voice of Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

 

သတင်း – Dureng

ဓာတ်ပုံ – Kyaw Win Maung Telegram

သင့်ထင်မြင်ချက်ရေးပေးပါ