ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများနေပြီး ရောဂါကြောင့် အားပြတ်ကာသတိမေ့လဲသူများလည်းရှိကြောင်း သိရသည်။

အင်းဂန်းကျေးရွာရှိ စစ်ရှောင်စခန်းမှပြည်သူများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေပြီး ဆေးရုံတွင်ဆေးကုသမှုခံယူနေသူများလည်းရှိသည်ဟု စစ်ရှောင်နေသည့်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အခုတော့နည်းနည်းလျော့လာတယ်။ အခုက ကလေးတွေကအော့အန်တာနဲ့ ဝမ်းလျှောတာနဲ့ ဘာမှစားလို့လည်းမရဖြစ်နေတာ။ အခုတောင်ဆေးရုံကြီးကိုပို့ဖို့တစ်ယောက်ကိုစီစဉ်နေတယ်။ မိခင်တစ်ယောက်ဆို ဝမ်းလျှောလို့မေ့သွားတာ အခုဆေးရုံတက်နေရတယ်။ ဒီကိုရောက်လာပြီးမှ ဗိုက်ကြီးဖောင်းလာတဲ့ကလေးတစ်ယောက်လည်းရှိတယ် ဘာလို့ဖြစ်မှန်းမသိဘူး။ ချက်စားတာက ဧရာဝတီမြစ်ရေနဲ့ပဲချက်စားနေတာဟုတ်တယ်။ သုံးရေတွေလည်းအဲ့ကနေပဲ သုံးနေတာ” ဟုပြောသည်။

ရောဂါဝေဒနာခံစားနေရသူများတွင် အသက်အရွယ်စုံပါဝင်ပြီး နေမကောင်းတစ်ခါဖြစ်လျင် တစ်ပါတ်ကျော်ခန့် ဝေဒနာခံစားရကြောင်းနှင့် ဝမ်းလျှောသောကြောင့် မေ့လဲခဲ့သည့် အမျိုးသမီးတစ်ဦးမှာလည်း ဆေးရုံတွင်ကုသမှုခံယူနေရကြောင်း သိရသည်။

စစ်ရှောင်များစခန်းတွင် သောက်သုံးရေရှားပါးသောကြောင့် အများစုမှာ ဧရာဝတီမြစ်ရေကိုသာ အဓိကထား အသုံးပြုနေကြခြင်းဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရသူ ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် KBC က သောက်ရေအတွက် ရေသန့်များကူညီပေးနေသောကြောင့် ရောဂါဖြစ်ပွားမှုနှုန်းကျဆင်လာသော်လည်း အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း စစ်ရှောင်ကော်မတီဝင်အမျိုးသားတစ်ဦးကပြောသည်။

“စခန်းမှာက အားလုံးနီးပါးဖြစ်တယ်။ ဆေးစားပြီးပျောက်သွားတာလည်းရှိပြီး ဆေးရုံသွားရတာတွေ ရှိတယ်။ ရေသန့်တွေရောက်လာလို့ပြန်သက်သာလာပြီ အခုလည်းဖြစ်နေတာကရှိသေးတယ်။ ကျွန်တော်လည်း ဖြစ်လိုက်တယ်” ဟုပြောသည်။

သောက်သုံးရေအတွက် ရေတွင်းတူးမည်ဆိုပါကလည်း မိုးတွင်းကာလဖြစ်သောကြောင့် အဆင်မပြေကြောင်းသိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် ဆရာဝန်များလာရောက်စစ်ဆေးစဉ်ကလည်း လေးဦးတွင် ငှက်ဖျားရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရောဂါအဖြစ်များလာမည်ကိုစိုးရိမ်ကြောင်း  စစ်ရှောင်ဘာသာရေးဆရာတစ်ဦကပြောသည်။

“ခြင်ကရှိတယ်။ အခုနောက်ပိုင်းငှက်ဖျားလည်းပြန်ဆိုးလာမှာစိုးရိမ်ရတယ်။ ဟိုနေ့က ဆရာဝန်တွေရောက်လာလို့ ငှက်ဖျားစစ်တာ လေးယောက်မှာပိုးရှိနေတယ်” ဟုပြောသည်။

လက်ရှိ အင်ဂန်းကျေးရွာဘုရားကျောင်းဝန်းထဲတွင် နောင်းဟီကျေးရွာမှစစ်ရှောင်လာသည့် ဒေသခံပြည်သူ ၉၀၀ ကျော်နေထိုင်နေကြောင်း သိရသည်။

နောင်းဟီကျေးရွာဒေသခံများသည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကစတင်ဖြစ်ပွားလာသည့် KIA နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲကြောင့် မေလ ၂၁ ရက်နေ့ကစတင်ကာ အင်ဂန်းကျေးရွာကို စစ်ရှောင်လာခြင်းဖြစ်သည်။

 

သတင်း – Doi Awng

ဓါတ်ပုံ – ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာ

သင့်ထင်မြင်ချက်ရေးပေးပါ