စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် ယမန်နေ့ည ၉ နာရီခွဲခန့်တွင် ဝိုင်းမော်မြို့နယ်၊ နန့်ဝါတိုက်နယ်အတွင်းရှိ ခြံလုပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ခြံအတွင်း ရာဘာခြစ်နေစဉ်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး မုတ်ကြိတ်ကျေးရွာအတွင်းတွင်လည်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု မုတ်ကြိတ်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရော်ဘာခြစ်နေတဲ့အချိန် ယောက်ျားတစ်ယောက်ကိုထိသွားတာဟုတ်တယ်။ သင်္ချိုင်းကုန်း လမ်းပေါ်မှာလည်းတစ်ခုကျတယ်၊ အဲ့ဒါကဘာမှမဖြစ်ဘူး။ ကျွန်တော်တို့လယ်သွားတဲ့ လမ်းပေါ်မှာ။ ဖော့စက်ရုံဘက်လည်း တစ်လုံးကျတယ်။ ကြောက်လို့သွားမကြည့်ဖြစ်ဘူး။ နန့်ဝါဘုန်းကြီးကျောင်းမှာလည်း တစ်လုံးကျတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၄၀ ခန့်အရွယ် ဦးကျော်ဆန်းလွင် (ခ) ဦးကရင်ကြီးဆိုသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေသည့် ဝိုင်းမော်မြို့နယ်တွင် မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများရှိနေပြီး ယမန်နေ့ည ၇ နာရီခန့်ကလည်း ဝူယန်ကျေးရွာအုပ်စုရှိ လဘန်ကျေးရွာတွင် ပြည်သူတစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း ဝူယန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်ကပဲလား၊ ပြည်သူ့စစ်တွေကပဲလားတော့ သေချာမပြောတတ်ဘူး။ ဖုန်းကအစ ယူသွားပြီဟုတ်တယ်။ စစ်ရှောင်တာကလည်း ရှောင်နေတာတော့ဟုတ်တယ်။ တချို့က အိမ်ကိုပြန်လာကြည့်တဲ့အချိန် ဖမ်းဆီးခံလိုက်ရတာ။ ဘယ်သူတွေပါသေးလဲတော့မပြောတတ်ဘူး” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဦးကရန်နော်တောင်ဆိုသူကို လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးပါ။

ဝိုင်းမော် – ဆဒုံးလမ်းရှိ ဝူယန်ပြည်သူ့စစ်ဂိတ်ကလည်း အချိန်သတ်မှတ်ခြင်းမရှိဘဲ ဖြတ်သန်းသွားလာခွင့် မကြာခဏ ပိတ်လေ့ရှိသောကြောင့် ဝူယန်ကျေးရွာအထက်ပိုင်းရှိ ကျေးရွာများတွင်နေထိုင်သော ဒေသခံပြည်သူများက အခက်အခဲကြုံနေရကြောင်း ဒေသခံများထံကသိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်သာမက မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များမှာ ဘုန်းကြီးကျောင်းအချို့တွင် လက်နက်ကြီးများအထိုင်ချကာ ဝိုင်းမော်မြို့နယ်သို့ လက်နက်ကြီးများ ညစဉ်ရမ်းသမ်းပစ်ခတ်နေသည်။

လက်နက်ကြီးသံများညစဉ်ကြားနေရသည်မှာ နှစ်ပတ်ခန့်ကြာမြင့်လာသည့်အပြင် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များပေါ်မှ လက်နက်ကြီး ဖြတ်သန်းသွားသည်များကို တွေ့မြင်နေရသောကြောင့် မြို့ခံပြည်သူများက စိုးရိမ်မှုများရှိနေကြသည်။

ဝိုင်းမော်မြို့နယ်တွင် စစ်ရေးတင်းမာနေသည်မှာ နှစ်လကျော်ခန့်ကြာမြင့်လာပြီးဖြစ်ပြီး တိုက်ပွဲကြောင့် တိမ်းရှောင်ရသည့် စစ်ရှောင်ပြည်သူများမှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုလိုအပ်လာနေကြောင်း သိရသည်။

 

သတင်း – Sin Li

ဓါတ်ပုံ – AP

သင့်ထင်မြင်ချက်ရေးပေးပါ