ပန်ဝါမြို့အနီး ယမန်နေ့ကပြိုကျခဲ့သည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွင် ပျောက်ဆုံးနေသူများမှ ၁၈ ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။


 
ပန်ဝါမြို့၊ ငိလော့ကျေးရွာရှိ သတ္တုတူးဖော်ရေးလုပ်ကွက်မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများထဲမှ အမျိုးသမီး ၇ ဦးအပါအဝင် ၁၈ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်းကို အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။
 
“ဒီနေ့ နေ့လယ်အထိတော့ ၁၈ ယောက်ပဲဖော်ထားနိုင်သေးတယ်။ အမျိုးသမီး ၇ ယောက်ပါတယ်။ တစ်ယောက်က (အသက်) ၄၀ ကျော်လောက်ရှိမယ်၊ ကျန်တဲ့ ထမင်းချက် အိုးချည်တဲ့သူတွေက ၂၀ ကျော်လေးတွေဟုတ် တယ်” ဟု ပြောသည်။

 
ဖော်ယူရရှိထားသည့် ရုပ်အလောင်းအချို့ကို မီးရှို့သင်္ဂြိုလ်မှုများပြုလုပ်ခဲ့ပြီး အချို့သောရုပ်အလောင်းများကိုမိုးကာတဲတစ်ခုတွေ ရေဖြင့် ဆေးကြောသန့်စင်ကာ စုထားကြောင်းသိရသည်။
 
သေဆုံးသူများတွင် နမ္မတီးမြို့မှ အသက် ၂၀ ဝန်းကျင် ကချင်လူငယ်တစ်ဦးလည်းပါဝင်ပြီး ပျောက်ဆုံးနေသူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၂၀ ခန့်ကျန်ရှိနေသေးသည် ဟု နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။
 
“ကျွန်မတောင် အလောင်းသုံးလောင်းသွားဆေးကူလိုက်သေးတယ် ကျွန်မအသိတွေဆိုတော့ ငိုပြီးလုပ်ခဲ့ရတာ။ ကိုယ်ဝန်သုံးလနဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလောင်းကမတွေ့သေးဘူး သူ့ယောက်ျားတော့ အသက်လွတ်ပြီးဆေးကုနေတယ်။ ပြီးတော့ ဒီနေ့ တချို့ ဗမာလုပ်သားတွေရဲ့ အလောင်းတွေကိုတော့ မီးရှို့လိုက်ပြီ။ တချို့အတွက်တော့ အခေါင်းတွေလုပ်နေကြတယ်” ဟု ပြောသည်။
 
ထို့အပြင် သေဆုံးသူများတွင် ကံလှကျေးရွာမှ ဇနီးမောင်နှံနှစ်ဦး၊ အသက် ၂၀ ကျော်ရှိ လူငယ်နှစ်ဦး၊ အခြားကျေးရွာမှ တစ်ဦးတို့ဖြစ်ကြပြီး အမျိုးသားတစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိထားသောကြောင့် ဆေးဝါးကုသမှုခံယူနေကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
 
ချီဖွေ၊ ပန်ဝါဒေသတွင် ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် မြေရှားသတ္တုလုပ်ကွက်များတွင် မကြာခဏမြေပြိုမှုများဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့ကလည်း ဒေသအခေါ် အမှတ် (၃) လုပ်ကွက် မြေပြိုသောကြောင့် သတ္တုတူးဖော်ရေးလုပ်သားများနှင့် ဈေးသည်တစ်ဦး အပါအဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့သည်။
 
သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ