ပူတာအိုခရိုင်သို့ ဆီတင်ကားများနှင့် ကုန်တင်ကားများရောက်လာသော်လည်း အခြေခံစားသောက်ကုန်စည်များ ဈေးနှုန်းသိသာစွာ လျော့ကျခြင်းမရှိသေးကြောင်း သိရသည်။

ကုန်ပစ္စည်းများ၏ဈေးနှုန်းများ သိသာစွာလျော့လာခြင်းမျိုးမရှိဘဲ ပုံမှန်ဈေးနှုန်းပြန်လည်ရောက်ရှိရန်အတွက် ကုန်တင်ကားအများအပြားဝင်ရောက်ရန်လိုအပ်ကြောင်း မြို့မရပ်ကွက်နေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
 
“ကုန်တင်ကားတွေတော့ရောက်နေကြပါပြီ တစ်ဖြတ်တစ်ဖြတ်နဲ့ သွားတာ။ ဆန်တွေဘာတွေကတော့ ဈေးကြီးနေတုန်းပဲ။ ကုန်ဈေးနှုန်းတွေလည်း အရမ်းကြီးဈေးကျသွားတာမျိုးတော့မဟုတ်ပါဘူးကွာ။ လမ်းပိတ်တဲ့အချိန်တော့ တစ်သောင်းဖိုးဆိုရင်တော့ ငါးခွက်ခြောက်ခွက်လောက်ပဲရတာအခုတော့နည်းနည်းတော့ကျသွားပြီး တစ်သောင်းဖို့ဘက်နှခွက်လဲတော့ အတိအကျမပြောတတ်ဘူး” ဟုပြောသည်။
 
မြစ်ကြီးနား – ပူတာအိုလမ်းပိတ်ထားချိန်တွင် ပူတာအိုခရိုင်အတွင်း ဓာတ်ဆီတစ်ပုလင်း ရှစ်သောင်းကျပ်၊ ဆန်တစ်အိတ် ကျပ်သုံးသိန်းကျော်အထိ ဈေးနှုန်းမြှင့်တက်သွားပြီး လက်ရှိအချိန်တွင် ဓာတ်ဆီတစ်ပုလင်း တစ်သောင်းကျပ်၊ ဆန်တစ်အိတ် နှစ်သိန်းကျော်မှ တစ်သိန်းရှစ်သောင်းငါးထောင်အထိ လျော့ကျသွားကြောင်း သိရသည်။
 
ပြီးခဲ့သည့် ၁၉ ရက်နေ့တွင် မြစ်ကြီးနားဘက်မှ လာရောင်းသော ဆီတင်ကား ကိုးစီးရောက်လာပြီး မြို့ပေါ်ရပ်ကွက်များတွင် တစ်ဂါလံကိုငါးသောင်းကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း လေယာဉ်ကွင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
 
“ဆီကားတွေရောက်တယ် မြစ်ကြီးနားကနေ ဆီသယ်ပြီးလာရောင်းတဲ့ လူတွေပေါ့၊ ပြောမယ်ဆို စီးပွားရေးသမားတွေပေါ့ အဲ့တာပဲရောက်တယ်။ ဆီပန့်ကဟာတွေတော့ မလာသေးတာနေမှာ ကျွန်တော်သိသလာက်ကတော့ အပြင်ကစီးပွားရေးသမားတွေပေါ့ မနေ့ကကားပေါ်မှာတင်ပြီးရောင်းတာကြိတ်ကြိတ်တိုးဝယ်ကြတယ်။ အခုတော့ဓာတ်ဆီတစ်ဂါလံကိုငါးသောင်းနဲ့ ရောင်းတာဟုတ်တယ်” ဟုပြောသည်။
 
လက်ရှိအချိန်ထိ ဒီဇယ်ဆီများအနည်းငယ်သာရောက်ရှိနေသောကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် အခက်ခဲနေ သကဲ့သို့ တာဝါတိုင်များတွင်လည်း ဆီပြတ်လပ်သောကြောင့် လည်ပတ်နိုင်ခြင်းမရှိဘဲ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများလည်း ပြတ်တောက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။  
 
မြစ်ကြီးနား – ပူတာအိုလမ်းကြောသည် ပုံမှန်အခြေအနေတွင် တစ်ရက်ခရီးသာရှိသော်လည်း လက်ရှိအချိန်တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းမှ တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်သောကြောင့် တစ်ညအိပ်သွားရပြီး ကုန်တင်ကားကြီးများက လမ်းတွင်နှစ်ညခန့်အိပ်ရသည်ဟုဆိုသည်။
 
မြစ်ကြီးနား – ပူတာအိုလမ်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်သောကြောင့် ယနေ့အထိလွတ်လပ်စွာသွားလာနိုင်ခြင်းမရှိသေးဘဲ ကုန်ကားအချို့နှင့် ဆီကားအချို့ကိုသာ အကန့်အသတ်ဖြင့် သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။
 
သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ