မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး အနောက်ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ချောင်းဝ၊ ညောင်ပင်နှင့် ဟွေလုံစသည့်ကျေးရွာများမှ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“အခုကတိုက်ပွဲဖြစ်နေတော့ လေယာဉ်စောင့်ကြည့်နေရတယ်။ ဒီမနက် ၈ နာရီခွဲလောက်မှာက ဂျက် အပေါ်ကနေဖြတ်သွားသေးတယ်။ ပစ်ထားလား မသိရသေးဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံတပ်စခန်းများဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ချောင်းဝဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ညောင်ပင်အဝင်မှာလည်း စစ်တပ်ရှိတယ်။ ချောင်းဝဘက်မှာကျတော့ ပြည်သူ့စစ်ရှိတယ်။ ဟွေလုံဘက်မှာ ကျတော့စစ်တပ်ရှိတယ်။ ဒီမနက် ၅ နာရီစဖြစ်တာ။ ဟွေလုံမှာတော့လေယာဉ်လာပတ်သွားတယ် ပစ်တော့မပစ်သွားဘူး။ တိုက်ပွဲကတော့အခုအချိန်ထိဖြစ်နေတုန်းပဲ” ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဟွေလုံကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများပစ်ခတ်ရာ လွဲမွန်ကျေးရွာရှိ စာသင်ကျောင်းအတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့်ကျေးရွာများမှ ဒေသခံများကိုကြိုတင်တိမ်းရှောင်ခိုင်းထားသည့်အတွက် ယမန်နေ့ကစတင် တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးကဆိုသည်။

“သူတို့ကအရင်ကြိုသတိပေးတယ်လေ။ မနေ့ကညနေကတည်းကအကုန်ထွက်သွားကြပြီ။ နောက်ပြီး လုံးတုံကလည်း ရှောင်နေကြပြီ။ လုံးတုံက ရဲစခန်းရှိတယ်၊ စစ်တပ်ရှိတယ်ဆိုတော့လေနော့်” ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားရာကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရှမ်းနီ SNA နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းနေထိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတွင် စစ်ကောင်စီ၊ ရှမ်းနီ SNA ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Thu Ta
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ