တောင်ပြိုသောကြောင့် လမ်းပိတ်နေသဖြင့် ရိက္ခာပြတ်နေသည့် ခေါင်လန်ဖူးဒေသခံအချို့ ထမင်းအစား ဒေသထွက်အစားအစာများကို အစားထိုးစားသုံးနေရကြောင်း သိရသည်။

ပူတာအို – ခေါင်လန်းဖူးလမ်းရှိ ဆန်လွတ်ချက်တောင်အနီးတွင် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ လမ်းပျက်နေသဖြင့် ကုန်တင်ကားများ ရောက်ရှိလာခြင်းမရှိသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်နေခြင်းဖြစ်သည်ဟု ရှောက်ကောခြံလုပ်ကိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဆန်လည်းဝယ်စားလို့မရဘူး။ ခေါင်လန်ဖူးကရွာတချို့တွေဘက်တော့ ဆန်ပြတ်သွားလို့ အူလိုင်လို့ခေါ်တဲ့ဒေသအစားအစာတွေကိုပဲ စားကြတယ်လို့ကြားတယ်။ တခြားဟာတွေတော့ ကျွန်မလည်းမခေါ်တတ်ဘူး အဲ့လိုဟာတွေလည်း ရှာစားကြတာရှိတာပေါ့။ လယ်လည်းလုပ်တယ် ဒါပေမဲ့ ဒီဘက်က ပူတာအိုဘက်ကလောက် စပါးမထွက်တော့မဖူလုံဘူး” ဟုပြောသည်။

ခေါင်လန်းဖူးဒေသခံပြည်သူများမှာ နှစ်စဉ် မတ်လမှမေလအတွင်း မိုးရာသီအတွက် ရိက္ခာစုဆောင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ဧပြီလမှစတင်ကာ မြို့ချင်းဆက်လမ်းပိုင်းအချို့တွင် မြေပြိုသောကြောင့် ကုန်ကားများ ရောက်ရှိလာခြင်းမရှိတော့ပါ။

လမ်းပြိုထားသည့်ကာလ နှစ်လခန့်ကြာမြင့်လာသည့်အပြင် ဆိုင်ကယ်ပင်သွားလာမရသောကြောင့် သက်ဆိုင်ရာများကို လမ်းရှင်းလင်းရေးအမြန်ဆုံးပြုလုပ်ပေးစေလိုကြောင်း အသက် ၄၀ ခန့်အရွယ် ခေါင်လန်ဖူးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

“ဆန်လွတ်ချက်တောင်ကနေ ခေါင်လန်းဖူးအထိ လမ်းတစ်ကြောလုံးပြိုတာ နှစ်လလောက်ရှိပြီ။ ကားမလာဘူးဆိုတော့ ဒီမှာအကုန်ပြတ်နေတယ် ဆန်ဝယ်စားမယ့်နေရာတောင်မရှိဘူး။ ဓာတ်ဆီလည်းဈေးကြီးလို့ ဒီနှစ်တော့ယာခင်းတွေလည်း မလုပ်နိုင်တဲ့သူတွေရှိတယ်။ ဒီဘက်က စားနပ်ရိက္ခာတွေပြတ်နေပြီး အရမ်းခက်တယ် အရမ်းချွေတာပြီးမှစားရတယ်” ဟုပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အအေးပိုင်းဒေသဖြစ်သော ခေါင်လန်ဖူးမြို့နယ်နှင့် ပန်နန်းဒင်မြို့နယ်ခွဲရှိကျေးရွာများတွင် ဂျုံ၊ ပြောင်း၊ အာလူး၊ အူလိုင်နှင့် ဆပ်ဟုခေါ်သော ဒေသထွက်အစားအစာများရှိပြီး အချို့က ဆန်နှင့်ရောကာချက်ပြုတ်စားသောက်လေ့ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ပူတာအို – ခေါင်လန်လမ်း၊ ပူတာအို – နောင်မွန်လမ်းတို့မှာ နှစ်စဉ်မိုးရာသီတွင် တောင်ပြိုသဖြင့် လမ်းပိတ်လေ့ရှိသောလည်း ယခုတစ်ကြိမ်တွင် လမ်းပိတ်နေသည်မှာ နှစ်လခန့်ကြာမြင့်လာပြီဖြစ်သည်။

ပူတာအိုမြို့မှ ၁၁၅ မိုင်ခန့်ကွာဝေးသည့် ခေါင်လန်ဖူးမြို့သို့ ကားဖြင့်နှစ်ရက်ခန့်သွားရပြီး ယခင်ကားလမ်းမရှိချိန်က မြင်းများ၊ လားများနှင့် မြည်းများကိုအသုံးပြုကာ မချမ်းဘော့မြို့နှင့် ပူတာအိုမြို့မှ ကုန်ပစ္စည်းများ သယ်ယူလေ့ရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်ခန့်နေထိုင်သည်။

 

သတင်း – Dureng

ပုံ – ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက ပူတာအို – ခေါင်လန်ဖူးလမ်းတစ်နေရာတွင် မြေပြိုနေသည်ကိုတွေ့ရစဉ် (Photo credit to rightful owners)

သင့်ထင်မြင်ချက်ရေးပေးပါ