ယခုတစ်ပါတ်အတွင်း ဖားကန့်မြို့နယ်တွင် ကမ်းပါးပြိုကျသောကြောင့် ရေမဆေးသမားအချို့ သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ တောင်ပြိုကျေးရွာအနီးရှိ ပိုင်ဖြိုးသီဟမြေစာပုံအနီးတွင် နှစ်ရက်ဆက်တိုက် ကမ်းပါးပြိုကျပြီး ရေစီးနှင့်အတူမျောပါသွားသောကြောင့် ရေမဆေးသမားနှစ်ဦး‌သေဆုံးခဲ့သည်ဟု အဆိုပါကျေးရွာနေ ရေမဆေးသမားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့လို တစ်လောင်းတွေ့တယ်ဆို။ မနက်ဖြန်ကနောက်တစ်လောင်းပြန်ထပ်တွေ့တယ်။ အဲ့နေရာကလေ ကြောက်ဖို့ကောင်းတယ် ဒီဘက်အခေါ်တော့မျောကြောင်းပေါ့ ရေစီးကအရမ်းသန်တာ။ ရေထဲပါသွားရင်ကို အသက်ရှင်ဖို့က ရာခိုင်နှုန်းနည်းသွားပြီ” ဟုသူကပြောသည်။

ဇွန်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တောင်ပြိုကျေးရွာနေ အသက် ၃၁ နှစ်အရွယ် မောင်ဇော်ဝင်းအောင်ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာပိုင်ရှင်မဲ့ဖြစ်သည်ဟုဆိုသည်။

ဖားကန့်မြို့နယ် နှစ်စဉ်မိုးရာ မြေစာပုံပြိုကျသောကြောင့် သေဆုံးမှုများသဖြင့် ကျောက်ရှာဖွေစဉ် သတိထားရန်လိုသည်ဟု ရှရော်ခကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောသည်။

“မိုးရွာလိုက်နေပူလိုက်နဲ့ ကမ်းပါးတွေကအက်ပြီး ခဏခဏပြိုကျတယ်။ မိုးတွင်းမပြီးမချင်းတော့ မြေစာပြိုပြီး ရေမဆေးသမားတွေ အသက်ဆုံးရူံးတာကြားရဦးမှာ။ လူတိုင်းပိုက်ဆံလိုကြပါတယ် အသက်ဆုံးရှုံးရနိုင်ချေများတဲ့နေရာတွေမှာတော့ ကျောက်သွားမရှာတာအကောင်းဆုံးပါ” ဟုပြောသည်။

နှစ်စဉ်မိုးရာသီတွင် ဖားကန့်မြိုနယ်ရှိ ကျောက်စိမ်းမှော်လုပ်ကွက်များအတွင်း မြေပြိုခြင်းနှင့် နွံကန်ပေါက်ကျခြင်းတို့ကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုများဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း မှော်စီစာအုပ်စု၊ သာယာကုန်းကျေးရွာတွင် လက်ကျင်းပြိုကျခဲ့သောကြောင့် ကျောက်တူးဖော်နေသူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြိုနယ်တွင် ပြီးခဲ့သောတစ်ပါတ်အတွင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် ဖားပြင်ကျေးရွာအနီးရှိ မြေစာပုံဈေးတန်းများ ရေမြုပ်သွားခဲ့ပြီး၊ ဆိုင်းတောင်ကျေးရွာအနီးရှိ စပေါ့ကျေးရွာသွားလမ်းမှာလည်း မြေပြိုကျခဲ့သည်။

သတင်း – Pe Ti
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ