ဝိုင်းမော်မြို့နယ်ရှိ ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်သူဟုယူဆရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို ပိုင်ရှင်မဲ့အလောင်းအဖြစ် ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ နောင်ဟီးကျန်းမာရေးဆေးခန်းသို့ လာပြသောကြောင့် ဆေးရုံသို့ဆက်လက်ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 media ဦးကိုပြောသည်။

 

“ပိုင်ရှင်ကတော့မပေါ်သေးဘူးဗျာ၊ သူ့ကိုကြည့်ရတာတော့ အောက်ပိုင်းကဖြစ်ဖို့များတယ်ဗျ။ တာစန်းငှက်ပျောခြံကနေပြီးတော့ထွက်ခဲ့ပြီး နောင်ဟီးကျန်းမာရေးဆေးခန်းကိုလာတာ အဲ့ဒီကဆရာမက ဆိုင်ကယ်လမ်းကြုံနဲ့ တင်ပေးလိုက်တာ ခတ်ချိုမရောက်ခင်လမ်းမှာ ဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိကြောင်းနှင့် လက်ရှိအချိန်တွင် ရုပ်အလောင်းကို ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သူကပြောသည်။

 

အဆိုပါအမျိုးသမီးမှာ အသက် ၂၅ နှစ်ခန့်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်တွင် တက်တူးများထိုးထားကာ ဒဏ်ရာများလည်းရရှိထားသည်ကိုတွေ့ရသည်။

 

ရုပ်အလောင်းပိုင်ရှင်ဆက်သွယ်လာခြင်းမရှိပါက လူမှုကူညီရေးအသင်းများအနေဖြင့် ယနေ့ညနေ ၃ နာရီခန့်တွင် သင်္ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့မှ စတင်ကာတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးတင်းမာနေသောကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

 

သတင်း – Dureng

ဓာတ်ပုံ – မွန်မြတ်စေတနာ

 

သင့်ထင်မြင်ချက်ရေးပေးပါ