ကျောင်းဖွင့်နိုင်ရေးအတွက် အချေအတင်ဖြစ်ပွားခဲ့သည့် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းကို ယမန်နေ့ည ၉ နာရီခွဲခန့်က TNLA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်ရောက်ရှိလာပြီး ချိတ်ပိတ်သွားကြောင်း သိရသည်။

ယမန်နေ့ညက ကျောင်းဆရာ၊ ဆရာမများကို ကျောင်းဝင်းအတွင်းမှမောင်းထုတ်ပြီး TNLA ၏ ခွင့်ပြုချက်ရမှ ကျောင်းဖွင့်နိုင်မည်ဟုပြောခဲ့ကြောင်း ကျောင်းကော်မတီဝင်တစ်ဦးက The 74 Media ပြောသည်။

“အားလုံးအိပ်ချိန်မှာပေါ့ ဆရာမတွေကိုမောင်းထုတ်လိုက်တယ်။ သူတို့ပြောတာက ကျောင်းဖွင့်ချင်ရင် သူတို့ရဲ့ခွင့်ပြုချက်တောင်းပြီးမှ ခွင့်ပြုချက်ရမှဖွင့်လို့ရတော့မယ်လို့ပြောထားတယ်” ဟုပြောသည်။

TNLA တပ်ဖွဲ့ဝင်များက စစ်ကားသုံးစီးဖြင့် အင်အား ၅၀ ခန့်ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ကျောင်းပတ်ပတ်လည်တွင် လုံခြုံရေးယူထားကာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

မှန်များရိုက်ခွဲကာ ကျောင်းခန်းတံခါးကို သစ်သားဖြင့် ကြက်ခြေခတ်ကာရိုက်ပိတ်ခဲ့ခြင်းဖြစ်ပြီး ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းသွားကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကျောင်းတံခါးတွေကိုလည်းရိုက်ခွဲလိုက်ပြီး သစ်သားတွေနဲ့ကြက်ခြေခတ်ပိတ်လိုက်တယ်။ ကချင်အမျိုးသားအလံကိုလည်း ဆွဲဖြုတ်လိုက်ပြီ။ အခုကျောင်းသားတွေလာတန်းစီနေတဲ့အချိန် သူတို့တော်တော်လေးကျောင်းရဲ့အပြင်မှာလှုပ်ရှားနေတယ်။ ဆရာမတွေကိုမောင်းထုတ်လိုက်ပြီး နောက်တော့သူတို့စစ်သားတွေကိုလည်းအပြင်ကိုခေါ်ထုတ်သွားပြီ” ဟုပြောသည်။

အဆိုပါကျောင်းကို PSLF/TNLA ပညာရေးဌာနက ခွင့်ပြုချက်ရယူရန်နှင့် တအာင်းပညာရေးကောင်စီ (TELC) ၏ မူဝါဒကို လိုက်နာခြင်းမရှိပါက ဇွန်လ ၁၀ ရက်နေ့တွင် ပိတ်သိမ်းမည်ဟု PSLF/TNLA အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူအချို့နှင့် ကျောင်းကော်မတီဝင်များ ဇွန်လ ၆ ရက်နေ့ ညနေက ပထမဆုံးအကြိမ်တွေ့ဆုံပြီးနောက် ၈ ရက်နေ့နေ့စွဲဖြင့် စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြီးခဲသည့် ဇွန်လ ၁၂ ရက်နေ့တွင် TNLA တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ဆရာ၊ ဆရာများနှင့် ကျောင်းကော်မတီဝင်များ၏ အမည်၊ နေရပ်လိပ်စာနှင့် ဓါတ်ပုံများကိုလည်း လာတောင်းခဲ့ကြောင်း KNG သတင်းဌာနတွင် ဖော်ပြထားသည်။

တအာင်းပြည် ပညာရေးကောင်စီ Ta’ang Land Education Council – TLEC ၏ မူလတန်းကျောင်း ရှစ်ကျောင်းမှ ကျောင်းသားများက အနီးတွင်ရှိသည့် တစ်ခုတည်းသော ကာလိုင်အလယ်တန်းကျောင်းသို့ တက်ရောက်ပညာသင်ကြားရမည်ဖြစ်သောကြောင့် အလွန်ပင်အရေးပါကြောင်း ယနေ့နံနက် TLEC ၏ ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

အဆိုပါကာလိုင်အလယ်တန်းကျောင်းမှာ စစ်တပ်အာဏာမသိမ်းမီ ကိုဗစ်ကာလမှစတင်ကာ ကိုယ်ထူကိုယ်ထဖွင့်လှစ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ကာလိုင်ကျေးရွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် KIO ပညာရေးဌာန၏ ထောက်ပံ့မှုရယူကာ ဆက်လက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၂၃ -၂၄ ပညာသင်နှစ်ကလည်း TNLA တပ်ဖွဲ့ဝင်များ၏ခြိမ်းခြောက်ပြောဆိုမှုကြောင့် ပညာသင်ကြားနေသည့် တအာင်းလူမျိုးကျောင်းသားကျောင်းသူ ၁၃ ဦးမှ ၁၀ ဦး ကျောင်းထွက်သွားပြီး ၃ ဦးသာ စာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။

ယခုနှစ်ကျောင်စတင်ဖွင့်လှစ်ခဲ့သည့် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကျောင်းဝင်းတံခါးကို TNLA တပ်ဖွဲ့ဝင်များက ပိတ်ထားခဲ့သောကြောင့် ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင်များနှင့် အချေအတင်ဖြစ်ပွားခဲ့သည်။

သတင်း – Sin Li
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ