မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအနောက်ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဝှေလုံကျေးရွာရှိ ရှေ့တန်းအမှတ် ၄၂ ခြေလျင်တပ်ရင်းအပါအဝင် ညောင်ပင်ကျေးရွာနှင့် ချောင်းဝကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက The 74 Media ကိုပြောသည်။

“ညောင်ပင်နဲ့ ဝှေလုံကတော့ မနေ့ညကတည်းကသိမ်းထားတာ။ ချောင်းဝက ခဏပဲပစ်ပြီးအလံဖြူ ထောင်တယ်တဲ့။ ညောင်ပင်ဆို ၁၀ မိနစ်တောင်မကြာဘူးပြောခဲ့တယ်။ လုံးတုံကိုဆက်မယ်လို့ကြားနေတယ်” ဟုဆိုသည်။

ဝှေခါစခန်းမှ စစ်သုံ့ပန်းများဖမ်းဆီးရမိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့နေသော်လည်း The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ချောင်းဝကျေးရွာကို စစ်ကောင်စီက ယမန်နေ့ညပိုင်းက တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဟိုပင်မြို့အခြေစိုက်တပ်စခန်းများမှလည်း လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာများမှ ဒေသခံများကို ကြိုတင်တိမ်းရှောင်ခိုင်းထားသောကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကစတင်တိမ်းရှောင်သွားကြပြီး တိုက်ပွဲနီးကပ်လာသည့်ကျေးရွာများကလည်း ထပ်မံတိမ်းရှောင်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

“ချောင်းဝမှာအိမ်စောင့်တွေကျန်နေတဲ့ဟာ အကုန်လုံးကထွက်လာပြီး မှဒီရွာသစ်ဘက်မှာရှိနေတယ်။ ဒေသခံတွေသေကြေတာတော့မရှိဘူးပေါ့။ ဟဲပန်ကျေးရွာကလည်းရှောင်နေကုန်ပြီ။ ရွာစောင့်တွေပဲ ကျန်တော့တယ်။ လုံးတုံကဒေသခံတွေကလည်းရှောင်နေကြပြီ” ဟုဆိုသည်။

ဝှေလုံ၊ ညောင်ပင်နှင့် ချောင်းဝကျေးရွာများရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းအချိန်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတွင် စစ်ကောင်စီ၊ ရှမ်းနီ SNA ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Thu Ta
ပုံ – KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အင်းတော်ကြီးအနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်စခန်း

သင့်ထင်မြင်ချက်ရေးပေးပါ