စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီကတပ်စွဲထားသည့် ဘုန်းကြီးကျောင်းကို လေကြောင်းမှ မှားယွင်းဗုံးကြဲခဲ့သောကြောင့် လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရသည့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နန့်သာကျေးရွာရှိ ဒေသအခေါ် နန့်သာအောက်ကျောင်း (ဘုန်းကြီးကျောင်း) ကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီတွေ) လက်ရှိအထိုင်ချထားတဲ့ကျောင်း က တောင်အောက်ကကျောင်းပေါ့နော် အဲဒီမှာ ကတုတ်ကျင်းတွေ ဘာတွေတူးပြီးတော့ အထိုင်ချထားတာပေါ့။ သူတို့လေယာဉ်နဲ့ကြဲတာ တောင်ပေါ်ကျောင်းကိုကြဲတာ မှားပြီးတော့ တောင်အောက်ကျောင်းကို ကြဲမိလိုက်တဲ့အခါမှာ အဲဒီမှာသူတို့ဖမ်းခေါ်ထားတဲ့ပြည်သူတွေပါသေကုန်တာ” ဟုဆိုသည်။

သေဆုံးခဲ့သူများတွင် ထိခိုက်ဒဏ်ရာကို အချိန်မှီဆေးကုသမှုခံယူခွင့်မရသောကြောင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးပဥ္ဇင်းတစ်ပါး၊ အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်စောဆိုသူတို့အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ဇွန်လ ၂၄ ရက်နေ့မှသာ သယ်ယူခွင့်ပြုခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးကဆိုသည်။

“အသုဘချမယ့်ဟာ စစ်တပ်ကသူတို့အလောင်းတွေထိန်းထားတာပေါ့။ ဒီနေ့နေ့လယ်မှသူတို့သင်္ဂြိုဟ်ခိုင်းတာတဲ့။ သင်္ဂြိုဟ်ခိုင်းတာလည်း မိသားစုဝင်တွေကတောင်းဆိုတဲ့အတွက်ကြောင့်မို့လို့” ဟုဆိုသည်။

နန့်သာကျေးရွာရှိဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ည ၉ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နန့်သာကျေးရွာမှာ အင်းတော်မြို့နှင့် ၈ မိုင်ကျော်အကွာ အင်းတော် – ဗန်းမောက် ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စခန်းချနေထိုင်နေခြင်းဖြစ်သည်။

ထိုသို့ လာရောက်တပ်စွဲနေထိုင်ခြင်းကြောင့် နန့်သာကျေးရွာအပါအဝင် အင်းတော် – ဗန်းမောက် လမ်းတစ်လျှောက်တွင်ရှိသည့် အောင်းကုန်း၊ အင်ပင်၊ မော်တိတ်၊ ကျွန်းတောနှင့် ရွာသာယာ စသည့်ကျေးရွာခြောက်ရွာမှဒေသခံများမှာလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လမှစတင်ပြီး ရွာနှင့် မိုင် ၂၀ ကျော်ခန့်ကွာဝေးသည့် နေရာများသို့တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ